လက်ယာစွန်းဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယူကေ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူများက တန်ပြန်ဆန္ဒပြ

လက်ယာစွန်းဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယူကေ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူများက တန်ပြန်ဆန္ဒပြ
လက်ယာစွန်းသမားများက ဆော်သြခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ဆန္ဒပြပွဲကို တန်ပြန်သည့် ဆန္ဒပြပွဲ၌ ပါဝင်သော ဆန္ဒပြသူများကို သြဂုတ် ၇ ရက်တွင် အောက်စဖို့ဒ်၌ တွေ့ရစဉ်(Photo: AFP)
လက်ယာစွန်းသမားများက ဆော်သြခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ဆန္ဒပြပွဲကို တန်ပြန်သည့် ဆန္ဒပြပွဲ၌ ပါဝင်သော ဆန္ဒပြသူများကို သြဂုတ် ၇ ရက်တွင် အောက်စဖို့ဒ်၌ တွေ့ရစဉ်(Photo: AFP)
Published 8 August 2024

ယူကေရဲများကို  အမြင့်ဆုံးတပ်လှန့်ထားခဲ့ရသော လက်ယာစွန်း အကြမ်းဖက်ဆူပူမှုများ ရက်ပေါင်းများစွာဖြစ်ပွားခဲ့သည်ကို ဆန့်ကျင်သည့်အနေဖြင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်သော ဆန္ဒပြသူထောင်ပေါင်းများစွာသည် သြဂုတ် ၇ ရက်တွင် အင်္ဂလန်မြို့ကြီးများတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ဇူလိုင် ၂၉ ရက်တွင် ကလေးသုံးဦး အသတ်ခံရခြင်းနှင့်သက်ဆိုင်သော သတင်းမှားများက လောင်စာထိုးပေးလိုက်သော ညစဉ်ညတိုင်းအဓိကရုဏ်းများသည် အင်္ဂလန်နှင့် မြောက်အိုင်ယာလန်မြို့များတွင် ဖြစ်ပွားခဲ့ပြီး ယင်းအဓိကရုဏ်းများအတွင်း ဗလီများ၊ရွှေ့ပြောင်းများနှင့်ဆက်နွှယ်နေသော အဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရသည်။

သို့ရာတွင် သြဂုတ် ၇ ရက်ညနေပိုင်းတွင်  လန်ဒန်၊ ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ လီဗာပူး၊ နယူးကာဆယ်တို့အပါအဝင် အင်္ဂလန်အထက်ပိုင်းနှင့်အောက်ပိုင်းတို့တွင်ရှိသော မြို့များတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သောဆန္ဒပြသူများနှင့် ဖက်စစ်ဝါဒဆန့်ကျင်ရေးတန်ပြန်ဆန္ဒပြသူများသည် အရေအတွက် အများအပြားထွက်လာခဲ့ကြပြီး လူထုစုဝေးပွဲများကို ပြုလုပ်ခဲ့ကြသည်။

“ဘယ်သူ့ရဲ့လမ်းတွေလဲ၊ ငါတို့ရဲ့လမ်းတွေပဲ”ဟု လန်ဒန်အရှေ့မြောက်ပိုင်း ဝေါလ်သမ်စတောင်းတွင် ထောင်ဂဏန်းရှိသော လူအုပ်ကြီးထဲက ဆန္ဒပြသူများက ကြွေးကြော် အော်ဟစ်ခဲ့သည်။ ထိုနေရာကို ရောက်နေသူအချို့က “လက်ယာစွန်းရပ်ပါ”ဟူသော စာတမ်းများကို ကိုင်ထားကြသည်။

“ကျွန်မက ဒီခရိုင်မှာနေထိုင်တာပါ။ ကျွန်မတို့ရဲ့လမ်းတွေပေါ်မှာ ဒီလူတွေကို အလိုမရှိပါဘူး။ သူတို့ဟာ ကျွန်မတို့ကို ကိုယ်စားမပြုပါဘူး”ဟု အသက် ၅၈ နှစ်အရွယ် ဆာရာထရက်စီလီယမ်က လက်ယာစွန်း သမားများကို ရည်ညွှန်းပြောကြားခဲ့သည်။

“ရှင်တို့ အနေနဲ့ အပြင်ထွက်လာပြီ အဲဒီသတင်းစကားကို ပါးရမှာပါ။ ရှင်ရဲ့သူငယ်ချင်းတွေ၊ ရှင့်ရဲ့အိမ်နီးချင်းတွေအတွက် ရှင်ရောက်လာဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မြို့မရဲတပ်ဖွဲ့၏ဒုတိယရဲမင်းကြီး အန်တီဗယ်လင်တိုင်းက မြို့တော်လန်ဒန်တစ်ခွင်၌ သြဂုတ် ၇ ရက်ညနေပိုင်းတွင် အုပ်စုဖွဲ့သော လူအုပ်ကိုလည်းကောင်း၊ အုပ်စုစိတ်ဓာတ်ပြသည့်အတွက်လည်းကောင်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

ရှက်ဖီးလ်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများက စောင့်ကြည့်လျက်ရှိစဉ် တက်ကြွလှုပ်ရှားသူများက “ကျယ်ကျယ်ပြောပါ။ ရှင်းရှင်းလင်းလင်းပြောပါ။ ဒုက္ခသည်တွေကို ဒီနေရာက ကြိုဆိုပါတယ်”ဟု အော်ဟစ် ကြွေးကြော်ခဲ့သည်။

ဘာမင်ဂမ်မြို့တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်သော ဆန္ဒပြသူများသည် ရွှေ့ပြောင်းကူညီရေး စင်တာ၏အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။ ဘရိုက်တန်မြို့တွင်လည်း လူ ၂,၀၀၀ ဝန်းကျင်က ငြိမ်းချမ်းသော ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်ဟု ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အင်္ဂလန်တောင်ပိုင်း အယ်လ်ဒါရှော့မြို့၌ ပဋိပက္ခအချို့ရှိခဲ့သည်။ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့်လှေများကိုရပ်လိုက်ပါဟုအော်ခဲ့ကြသော လူအုပ်တို့အကြား ရဲတပ်ဖွဲ့က ကြားဝင်ခဲ့ရသည်ဟု ဆိုသည်။ English Channel ကို ဖြတ်သန်း ခြင်းဖြင့် ဗြိတိန်ကိုရောက်လာရန် ကြိုးစား သောရွှေ့ပြောင်းများကို ရည်ညွှန်းသည့်အနေဖြင့် လှေများကို ရပ်လိုက်ပါဟုအော်ခဲ့ကြခြင်းဖြစ်သည်။

ဖြစ်လာနိုင်စရာအကြမ်းဖက်မှု အနေအထားကိုကိုင်တွယ်ရန် ယူကေအဓိကရုဏ်း ရဲ ၆,၀၀၀ ကို သြဂုတ် ၇ ရက်တွင်ချထားသည်ဟု အစိုးရကပြောကြားခဲ့သည်။ကလေးသုံးဦးအသတ်ခံခဲ့ရပြီးနောက်လွန်ခဲ့သော သုံးပတ်ကျော်တွင် အင်္ဂလန်၌ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့သည်။အင်္ဂလန်အနောက် မြောက်ပိုင်းဆောက်ပို့ရှိ တေလာဆွစ် အကသင်တန်း၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားစဉ် အသက်ကိုးနှစ်၊ ခုနစ်နှစ်၊ ခြောက်နှစ်အ ရွယ်ရှိသော ကလေးသုံးဦးသေဆုံးခဲ့ပြီးနောက် အကြမ်းဖက်မှု ပေါ်ပေါက်လာသည်။

Ref: AFP

Most Read

Most Recent