MNDAA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့ထိန်းချုပ်ရယူထားသည့် နေရာများတွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးကို ယုံကြည်အားကိုးစွာဖြင့် တောင်းဆိုကြောင်း ထုတ်ပြန်

MNDAA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့ထိန်းချုပ်ရယူထားသည့် နေရာများတွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးကို ယုံကြည်အားကိုးစွာဖြင့် တောင်းဆိုကြောင်း ထုတ်ပြန်
Published 8 August 2024

MNDAA၊ TNLA၊ AA မြောက်ပိုင်းသုံးဖွဲ့က ၎င်းတို့ထိန်းချုပ်ရယူထားသည့် နေရာများတွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးကို ယုံကြည်အားကိုးစွာဖြင့် တောင်းဆိုကြောင်း သြဂုတ် ၆ ရက်စွဲဖြင့် ထုတ်ပြန်သည်။

မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲဇုန်မဟုတ်သည့် မြို့၊ ရွာများရှိ ပြည်သူလူထုတို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးသောစစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြသည်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချသည်ဟုလည်းကောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတော့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အသီးသီးထိန်းချုပ်ထားသော နယ်မြေများအတွင်းမှ လောက်ကိုင်၊ သိန်းနီ(သိန္နီ)၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦးအစရှိသည့် မြို့နယ်များတွင် ဒေသခံပြည်သူလူထုတို့ နေထိုင်သွားလာရာ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများ၊ တံတားများ၊ မြို့၊ ရွာများကို တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်းဗုံးများ ကြဲချကာ ပြည်သူလူထုများကို အဓိကပစ်မှတ်ထားပြီး ဆက်တိုက်တိုက်ခိုက်နေဟုလည်းကောင်း၊ ထိုသို့တိုက်ခိုက်မှုများကို ဝိုင်းဝန်းတားဆီး ဟန့်တားကြပါရန် အိမ်နီးချင်းဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးတို့ကို အထူးယုံကြည်အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်းအပ်သည်ဟုလည်းကောင်း ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်က TNLA ထိန်းချုပ်ထားသည် ကွတ်ခိုင်မြို့တွင် သြဂုတ် ၅ ရက်က  လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မြို့မစျေးနှင့် နေအိမ်အချို့ထိမှန်ကာ မြို့မစျေးရှိ ဆိုင်ခန်းများ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် သေဆုံးသူဒေသခံအချို့ရှိသည်ဟု ထုတ်ပြန်လာသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုသည် အရပ်သားများကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ အဆိုပါနေရာတစ်ဝိုက်တွင် TNLA အဖွဲ့၏ ကွပ်ကဲရေးဌာနရှိဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်နှင့် နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချိူ့တွင် ရေးသားထားသည်ကိုတွေ့ရသည်။

ထိုသို့ မြောက်ပိုင်းသုံးဖွဲ့ ကြေညာချက်ထွက်လာပြီးနောက် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စား တိန့်ရှီကျွင်းသည် ယနေ့(သြဂုတ် ၈ ရက်)တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းများနှင့်  နယ်စပ်ဒေသနေထိုင်သူများ မထိခိုက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စေ့စပ်ဆွေးနွေးခြင်းနှင့် တိုက်ပွဲများရပ်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြငြေရှင်းပြီး  အခြေအနေတင်းမာမှုကိုလျှော့ချရန်၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်းများကို တရုတ်နိုင်ငံက ဆက်လုပ်ရန်နှင့် အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး ဆွေးနွေးများ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်မစ္စမော်နင်းက ဇူလိုင် ၂၅ ရက် ပြောကြားထားသည်။

လားရှိုးမြို့နှင့် အခြားနေရာများမှ တရုတ်နိုင်ငံသားများအနေဖြင့် ပဋိပက္ခဇုန်များနှင့် ဝေးကွာသောနေရာ သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၆ ရက်တွင် သံရုံး wechat လူမှုကွန်ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းဟုဆိုကာ မြောက်ပိုင်းသုံးဖွဲ့က တိုက်ခိုက်မှုများသည် တရုတ်၏ စီမံကိန်းလုပ်ငန်းများရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းတစ်လျှောက်ကိုဖြတ်၍ ကူမင်းမှ ကျောက်ဖြူစီမံကိန်း တစ်လျှောက်အထိ နယ်မြေဒေသများတွင် စစ်ပွားများကျယ်ပြန့်နေသကဲ့သို့ဖြစ်နေသည်။

MNDAA နှင့်ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး TNLA က PDF များဖြင့်ပေါင်းကာ ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်အထိ တိုက်ခိုက်ထိန်းချုပ်မှုများပြုလုပ်ရန် တိုက်ခိုက်ခဲ့သည်။ AA အနေဖြင့်လည်း ရခိုင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများဖော်ဆောင်ကာ တရုတ်စီမံကိန်းကြီးဖြစ်သည့် ကျောက်ဖြူအထိထိန်းချုပ်နိုင်ရန် ကျယ်ပြန့်သည့် စစ်ပွဲဖော်ဆောင်မှုများ လုပ်ဆောင်ထားသည်။

ထို့အပြင် PDF နှင့် ပူးပေါင်းအဖွဲ့များကလည်း ရှမ်းမန်းစစ်ဆင်ရေးဟုခေါ်ဆိုကာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတစ်ဝိုက်တွင် တိုက်ပွဲများဖော်ဆောင်လျက်ရှိပြီး ၎င်းဒေသများတွင် တရုတ်စီမံကိန်းအချို့ဖြစ်သော အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ တကောင်းနီကယ်စက်ရုံအထိ တိုက်ပွဲများကူးစက်ပျံ့နှံနေလျက်ရှိသည်။

TNLA နှင့်ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်နေသည့် MDF PDF က စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား(၁၅)ဦးအား တွေ့ဆုံစစ်ဆေးပြီးနောက် ၎င်းတို့၏ သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါတရုတ်နိုင်ငံသား ၁၅ ဦးကို ဩဂုတ် ၄ ရက်တွင် MDF PDF ၏ ထိန်းချုပ်နယ်မြေအဆုံးတစ်နေရာအထိ လုံခြုံစွာပို့ဆောင်ပေးခဲ့ဟု ထုတ်ပြန်ထားသည်။

လားရှိုးမြို့အား တိုက်ခိုက်ခဲ့သည့်MNDAA အဖွဲ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းကြောင့်ဟုဆိုကာ ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၈ ရက်တစ်ကြိမ်၊ တရုတ်နိုင်ငံ၏ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်ဟုဆိုကာ ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ တစ်ကြိမ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း တစ်ဖက်တွင် ၎င်းတို့သည် လားရှိုးမြို့ရှိ တပ်စခန်းကို အပြင်းအထန်တိုက်ခိုက်မှုများကို သြဂုတ် ၃ ရက်အထိ ပြုလုပ်ခဲ့သည်။

ထို့အတူ လားရှိုးရှိ စခတ(၁၁) သင်တန်းကျောင်းမှ ဖမ်းဆီးခံရသည့် နည်းပြအချို့နှင့် သင်တန်းသားအသစ်များကို MNDAA အဖွဲ့ဝင်တစ်ဦးက တွေ့ဆုံကာ တရုတ်ဘာသာစကားဖြင့် မြန်မာစာတန်းထိုး ပြောကြားသည့်ရုပ်သံဖိုင်ကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းသို့ပြောကြားချက်တွင် အဆိုပါ MNDAA အဖွဲ့ဝင်က ၎င်းတို့အနေဖြင့် တော်လှန်ရေးပြီးပါက ဟန်လူမျိုးကြီးဝါဒကို ကျင့်သုံးမည်မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် ဟန်လူမျိုးများသည် တရုတ်လူမျိုးများကို ကိုယ်စားပြုနေသဖြင့် ယင်းပြောကြားမှုအပေါ် ဝေဖန်မှုများရှိခဲ့သည်။

ထို့ပြင် MNDAA အဖွဲ့က ဇူလိုင် ၃ဝ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကောင်းမွန်စွာကာကွယ်ကြရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံးတားဆီးထိန်းသိမ်းပေးရန်၊ ပြည်သူလူထု နှင့် နိုင်ငံခြားသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို အကာအကွယ်ပေးရန်၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာဆွေးနွေးပြောဆိုပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကိုထိခိုက်စေနိုင်သည့် လုပ်ဆောင်ရပ်များကိုဟန့်တားရန်၊ တရုတ်နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေသောလုပ်ဆောင်ရပ်များကို တွေ့ရှိပါက MNDAA စစ်ရေးကော်မတီထံသို့ အချိန်မှီတင်ပြပြီး တရုတ်နိုင်ငံ၏သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ရန်၊ စစ်မြေပြင်အတွင်းပိတ်မိနေသောတရုတ်နိုင်ငံသားများကို အချိန်မှီကယ်ထုတ်ရန်နှင့် ဒဏ်ရာရရှိ နေသောတရုတ်နိုင်ငံသားများ၊ အခက်အခဲနှင့်တွေ့ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက်ခံနေရသော တရုတ်နိုင်ငံသားများကိုတွေ့ရှိပါက အတတ်နိုင်ဆုံးကူညီကယ်တင်ရန် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent