အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများ၌ ရေကြီးရေလျံမှု ဖြစ်ပွားနေသည်မှာ ၁၀ ရက် ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာ နှင့် ဆေးဝါး လိုအပ်ချက်များ ရှိနေ

အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများ၌ ရေကြီးရေလျံမှု ဖြစ်ပွားနေသည်မှာ ၁၀ ရက် ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာ နှင့် ဆေးဝါး လိုအပ်ချက်များ ရှိနေ
ပုံစာ - ကျိုက်မရောမြို့နယ် ဘိန်းဗျောအောက်ကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို ဩဂုတ်လ (၃) ရက်နေ့က တွေ့ရစဉ် - Photo Credit – Bo Bo Win Rescue
ပုံစာ - ကျိုက်မရောမြို့နယ် ဘိန်းဗျောအောက်ကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို ဩဂုတ်လ (၃) ရက်နေ့က တွေ့ရစဉ် - Photo Credit – Bo Bo Win Rescue
Published 4 August 2024
သတင်း - ဘိုဘိုမြင့်

အတ္ထရံမြစ်ရေလျှံမှုကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ (၁၀) ရက်ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ အတ္ထရံမြစ်ကမ်းဘေးတွင်တည်ရှိသော ကျေးရွာများဖြစ်ကြသည့် ချောင်းနှစ်ခွ၊ ဖာသိမ်ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ်ဂရို၊ ကွာငန်း၊ ဘိန်းဗျောအောက်၊ ပေါလောကုန်း၊ လမုခို နှင့် ကျိုက်မရောမြို့ပေါ်ရှိ မြစ်ကမ်းနားအပိုင်းများ အစရှိသည့် ကျေးရွာများအတွင်း ရေကြီးရေလျံမှုဖြစ်ပွားနေသည့်မှာ (၁၀) ရက်ခန့်ရှိနေပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရွာတွေမှာက အိမ်တွေက ခြေတံရှည်အိမ်တွေများတော့  အိမ်မကြီးပေါ်ကိုတော့ ရေမတင်ကြသေးဘူး။ ဒါပေမယ့် ရွာတွေတော့ မြှုပ်နေတယ်။ လတ်တလောမှာ ရေသန့်နဲ့ အစားအစာတွေရယ်၊ ရေမြှုပ်ချိန်ကြာလာတော့ ဆေးဝါးတွေရယ် လိုအပ်ချက်တွေရှိနေပါတယ်ဟု ပြောကြားသည်။

ယနေ့ ဩဂုတ် (၄) ရက်နေ့နံနက်ပိုင်းအချိန်တွင် အတ္ထရံမြစ်ရေမှာ အနည်းငယ်ကျဆင်းလာသော်လည်း မိုးဆက်လက်ရွာသွန်းနေသည့်အတွက်ကြောင့် ရေပြန်တက်လာနိုင်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ကရင်ပြည်နယ်မှ မြစ်ဖျားခံစီးဆင်းလာသည့် ဇမိမြစ်ရေမှာ အတ္တရံမြစ်အတွင်းသို့ စီးဝင်နေသည့်အပြင်၊ သံလွင်မြစ်ရေမဆင်းပါကလည်း ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း ဒေသခံများက ဆိုကြသည်။

အတ္ထရံမြစ်ရေလျှံနေသည့်အတွက်ကြောင့် ကျိုက်မရောမြို့ပေါ်ရပ်ကွက်အတော်များများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း နှင့် ရေနစ်မြှုပ်နေသည့်ရပ်ကွက်များအား အလှူရှင်များနှင့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရေသန့်၊ အစားအစာများ လိုက်လံလှူဒါန်းပေးနေကြောင်း ကျိုက်မရောမြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်ရှိမှာ ရေကြီးရေလျှံမှုနဲ့အတူ မြွေတွေကလည်း ရေလွတ်ရာကို သွားလာရင်းနဲ့ အိမ်တွေပေါ်ကို တက်နေတာမျိုးတွေအများကြီးဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့က ရေဘေးအပြင်မြေအန္တရာယ်ကိုလည်း ဂရုပြုကြဖို့နဲ့ မြွေတွေ့ရင်လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (ကျိုက်မရော) နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးကြောင်းကြားပေးဖို့ တိုက်တွန်းလိုပါတယ်ဟု ပြောကြားသည်။

လတ်လလော ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများသို့ မော်လမြိုင်၊ မုဒုံ၊ သံဖြုဇရပ်၊ ကျိုက်မရော အစရှိသည့် မြို့နယ်များမှ အလှူရှင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရေသန့်၊  အစားအစား နှင့် ဆေးဝါးများအား ထောက်ပံ့ကူညီလှူဒါန်းမှုများလုပ်ဆောင်နေကြကြောင်း သိရသည်။

အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၅) ကျောင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

Most Read

Most Recent