ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြား

ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြား
Published 2 August 2024

ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။

အထူးကိုယ်စားလှယ်သည် ဖနွမ်ပင်မြို့သို့ရောက်ရှိစဉ် သြဂုတ် ၁ ရက် နံနက် ၉ နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန် အား အထက်လွှတ်တော်၌ လည်းကောင်း၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဒေါက်တာ ဟွန်မာနက် အား ငြိမ်းချမ်းရေးနန်းတော်၌လည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လက်တလောဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅)ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံအတွင်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုကဏ္ဍများ အပါအဝင် နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ် (၇၀)ပြည့် သံတမန်ဆက်ဆံရေးထူးထောင်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အထူးကိုယ်စားလှယ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) မစ္စတာ ပရတ်ဆုတ်ခွန်းက တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent