နိုင်ငံခြားငွေကြေးကစားသူများနှင့် ဟွန်ဒီလုပ်ကိုင်သူ ၉၃ ဦးတို့အား အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်

နိုင်ငံခြားငွေကြေးကစားသူများနှင့် ဟွန်ဒီလုပ်ကိုင်သူ ၉၃ ဦးတို့အား အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်
Published 1 August 2024

နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၉၃)ဦးတို့အား စိစစ်ဖော်ထုတ် အရေးယူထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ် ခြင်း၊ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၂၄ ရက်တွင် အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါအသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည့်နေ့မှ ဇွန် ၄ ရက်အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၃၉)ဦးတို့အား စိစစ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်ထားရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။ 

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်(၉၃)ဦးတို့အား ထပ်မံ၍ စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စိစစ်အရေးယူလျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ထို့ပြင် ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်အထိ Money Changer (၁၉၃)ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် Reliance Ville Co., Ltd. အား လိုင်စင်ထပ်မံရုပ်သိမ်းခဲ့သဖြင့် သြဂုတ် ၁ ရက်အထိ စုစုပေါင်း Money Changer (၁၉၄)ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများ အတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့မဟုတ် AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှစတင်၍ လည်းကောင်း၊ ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၂၀၂၃ ခုနှစ် သြဂုတ် ၁၈ ရက်မှစတင်၍လည်းကောင်း၊ တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား)ကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Market Trading Rate + ၁၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ထို့ပြင် အထူးအစီစဉ်တစ်ရပ်အနေဖြင့် မတ် ၄ ရက်မှစတင်၍ ပြည်တွင်းပုဂ္ဂလိကဘဏ် (၃)ဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ UAB ဘဏ်နှင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရကုမ္ပဏီ(၂)ခုဖြစ်သည့် Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd. တို့နှင့်ပူးပေါင်း၍ အများပြည်သူများ၏ အသေးသုံးငွေများအတွက် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ရောင်းချပေးခဲ့ရာ ဇူလိုင် ၃၀ ရ​က်အထိ အမေရိကန်ဒေါ်လာ ၇၅၅,၇၉၆ ကို အများပြည်သူသို့ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားငွေရောင်းဝယ်ဆောင်ရွက်မှု အခြေအနေများအား နေ့စဉ်တရားဝင်ထုတ်ပြန်ကြေညာပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသော မသမာသူများက လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Telegram၊ Viber တို့မှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိသဖြင့် Nuggets(Viber Group) ၊ Seven Star ဈေးနှုန်း၊ ဒေါ်လာရောင်းဝယ်ရေးနှင့် Update ဈေးနှုန်းများ၊ $Dollor Exchange Service MM စသည်တို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်နှင့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် ခွင့်ပြုချက်လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် အသိပေးအပ်ပါကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent