ကြည့်မြင်တိုင်မြို့နယ် ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်

ကြည့်မြင်တိုင်မြို့နယ် ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်
Published 1 August 2024

ကြည့်မြင်တိုင်မြို့နယ်ရှိ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း  အလုံခရိုင်တရားရုံးမှ သိရသည်။

အဆိုပါအမှုကို ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်တွင် အလုံခရိုင်တရားရုံးတွင် တရားစွဲလက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးမှုအရ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံဝိုင်းချစ်ကိုကို (ခ)ဖိုးသားလေး(ဘ)ဦးစန်းမြင့်၊ ကိုဖြိုး(ဘ)ဦးစံရှင်၊ ခိုင်ကိုမောင် (ဘ)ဦးစန်းမြင့်တို့သုံးဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁ရဝ အရ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တရားခံ ရွှေစင်ရွှေ(ခ)ရွှေစင် (ဘ)ဦးစန်းမြင့်၊ အောင်ဇေယျာပိုင်(ခ)အသေးလေး (ဘ)ဦးစန်းမြင့်၊ ကျော်သူဝင်း(ခ)ဗိုလ်ချဲ (ဘ)ဦးဝင်းကြည်တို့ သုံးဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၁၁ အရ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ လဟာပြင်ညဈေးရှိ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးနှင့်သားဖြစ်သူတို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၊ ည ၇ နာရီခွဲတွင် ဇမ္ဗူရစ်ရွှေဆိုင်ကိုပိတ်ပြီး နေအိမ်သို့ ဈေးကြီးလမ်းအတိုင်း လမ်းလျှောက်ပြန်လာခဲ့ရာ ရေတွင်းကုန်း(၂) လမ်းသွယ်ထိပ်အရောက်တွင် ကားတစ်စီးပေါ်မှ ရဲဝတ်စုံများ ဝတ်ဆင်လာသည့် လူသုံးဦး ကားပေါ်မှဆင်းလာပြီး ဦးမင်းဇော်ဦး၏ခေါင်းကို ရိုက်နှက်၍ ဦးမင်းဇော်ဦးနှင့်အတူပါလာသော ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာခန့်၊ ငွေကျပ်သိန်း ၅၀ အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၃၂၅၀ တို့နှင့်အတူ ကားပေါ်သို့ဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပဲခူးကားလမ်းဘေး၊ အမြန်လမ်း ဇီးရိုးမိုင်အနီးတွင် ဦးမင်းဇော်ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးမှာ ရွှေညဝါဆရာတော်၏ ဒကာအရင်းတစ်ဦးဖြစ်ကြောင်း သိရပြီး အခင်းဖြစ်ပွားပြီးနောက် ရွှေညဝါဆရာတော်ကိုယ်တိုင် ဦးမင်းဇော်ဦးကို လိုက်လံရှာဖွေခဲ့သည့် ပို့စ်များ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်တွင် တွေ့ရှိခဲ့ရသည်။

ထို့နောက် ဦးမင်းဇော်ဦးကို ၂၀၂၃ ခုနှစ်၊ အောင်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အမြန်လမ်း ဇီရိုးမိုင်အနီးမှာ အလောင်းကို လက်ထိပ်နောက်ပြန်ခတ်ပြီး ပါးစပ်တွင် တိတ်ပတ်ကာ ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ရွှေညဝါဆရာတော်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent