ပါရီအိုလံပစ်ယှဉ်ပြိုင်နေသည့် အစ္စရေးအားကစားသမားများထံသို့ အသက်အန္တရာယ်ခြိမ်းခြောက်သည့် အီးမေးလ်များ ပေးပို့မှုအတွက် ပြင်သစ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ပါရီအိုလံပစ်ယှဉ်ပြိုင်နေသည့် အစ္စရေးအားကစားသမားများထံသို့ အသက်အန္တရာယ်ခြိမ်းခြောက်သည့် အီးမေးလ်များ ပေးပို့မှုအတွက် ပြင်သစ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး
Photo: X
Photo: X
Published 29 July 2024

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အစ္စရေးအားကစားသမားများထံသို့ အသက်အန္တရာယ်ခြိမ်းခြောက်သည့် အီးမေးလ်များ ပေးပို့မှုအတွက် ပြင်သစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် အစ္စရေးအားကစားသမားသုံးဦးထံ အသက်အန္တရာယ်ခြိမ်းခြောက်သည့်စာ ရောက်ရှိလာသလို အစ္စရေးအားကစားအဖွဲ့အနေဖြင့် အမျိုးမျိုးခြိမ်းခြောက်ရေးသားထားသည့် အီးမေးလ်များစွာ လက်ခံရရှိထားသဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်အစိုးရ ရှေ့နေရုံးကလည်း အဆိုပါစုံစမ်းစစ်ဆေးမှုကို အမျိုးသားအွန်လိုင်းအမုန်းတရားတိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင် ၂၇ ရက်က အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် အစ္စရေးနှင့် ပါရာဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲမှ ဂျူးဆန့်ကျင်ရေး အမုန်းပွားမှုဆိုင်ရာ ရာဇဝတ်မှု  စွပ်စွဲချက်များကို အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပါရာဂွေးအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရသည့် ယင်းပွဲတွင် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ ဆိုင်းဘုတ်နှင့် ပိုစတာကိုင်ဆောင်မှုများ၊ အော်ဟစ်ပြောဆိုမှုများကို မြင်တွေ့ခဲ့ရသည်။

ပရိသတ်အုပ်စုတစ်ခုက ပါလက်စတိုင်းအလံနှင့်အတူ ''လူမျိုးတုံးသတ်ဖြတ်မှု အိုလံပစ်ပြိုင်ပွဲ'' ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခု ကိုင်ဆောင်ထားပြီး အဆိုပါဖြစ်ရပ်များမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်ကြောင်း စွပ်စွဲမှုများရှိနေသည်။

ဂါဇာတွင်ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများကြောင့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အစ္စရေးအသင်းအား ပါဝင်ယှဉ်ပြိုင်ခွင့်မပြုရန် တိုက်တွန်းမှုများရှိခဲ့သလို ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ကလည်း အစ္စရေးအသင်းအား ဝင်ရောက်ခွင့်မပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ထံ အဆိုပြုတင်ပြခဲ့သည်။

သို့သော် FIFA က အိုလံပစ်ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဟု အကြောင်းပြန်ခဲ့သောကြောင့် အစ္စရေးအသင်း ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

အစ္စရေးအသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲ၌ ကစားသမား ၈၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး မြားပစ်၊ စည်းချက်ညီရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စက်ဘီး၊ မြင်းစီး၊ ဓားခုတ်၊ ဘောလုံး၊ ကျွမ်းဘား၊ ဂျူဒို၊ ရွက်လှေ၊ သေနတ်ပစ်၊ Surfing၊ ရေကူး၊ တိုက်ကွမ်ဒို နှင့် သုံးမျိုးစုံအားကစားနည်းများ ယှဉ်ပြိုင်မည်ဖြစ်သည်။

ရုရှားနှင့် ဘယ်လာရုစ်အားကစားသမားများမှာမူ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲ ဆင်နွှဲမှုကြောင့် ပါရီအိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရသော်လည်း နိုင်ငံကိုယ်စားပြု မဟုတ်ဘဲ တစ်ဦးချင်းကြားနေအားကစားသမား(INA) ခေါင်းစဉ်အောက်တွင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။

ပါရီအိုလံပစ်ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC) အဖွဲ့ဝင် ၂၀၄ နိုင်ငံအပါအဝင် INA နှင့် ဒုက္ခသည်များအိုလံပစ်အသင်းမှ အားကစားသမားစုစုပေါင်း ၁၀၇၁၄ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ရွှေတံဆိပ် ၃၂၉ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

Most Read

Most Recent