နစက ဥက္ကဋ္ဌနှင့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နှင်းရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နှင်းရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 26 July 2024

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ဇူလိုင် ၂၅ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ 

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိနေကြသည့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန( ၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil၊ ထိုင်းနိုင်ငံမှ Ms. Kanyarat Angkanavisalya နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့က ဘင်းမ်စတက် အဖွဲ့အစည်းနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများကို ပူးပေါင်းအဖြေရှာ၍ ဖြေရှင်းဆောင်ရွက်သွားရမည့် အခြေအနေများနှင့်ပတ်သက်၍ တစ်ဦးချင်း ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘင်းမ်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ဘင်းမ်စတက်အဖွဲ့အစည်း ပေါ်ပေါက်လာမှုအခြေအနေနှင့် ရည်ရွယ်ချက်များ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအချင်းချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆက်သွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်နိုင်ငံများအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နှင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို ပွင်းလင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent