“နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)
ပြင်ပမှ မည်သည့်ထိန်းချုပ်မှု ပုံစံမျှမရှိဘဲ မိမိ၏ နယ်မြေပိုင်နက်အတွင်း မိမိ၏ ပြည်တွင်းရေးများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အမြင့်ဆုံးအာဏာပိုင်ခွင့်ကို ကျင့်သုံးရန် နိုင်ငံတစ်နိုင်ငံ၏ အကြွင်းမဲ့အာဏာကို အချုပ်အခြာအာဏာဟု ခေါ်ဆိုသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံသည် မည်သည့်ပြင်ပသြဇာ သက်ရောက်မှုမျှမပါဘဲ မိမိ၏နယ်မြေအတွင်း ဥပဒေများကို ချမှတ်ကျင့်သုံးရန် အကြွင်းမဲ့အာဏာ ရှိသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်မှုကို ကျင့်သုံးသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ကိုလည်း အချုပ်အခြာအာဏာဟု ခေါ်ဆိုသည်။ အချုပ် အခြာအာဏာနှင့်ပတ်သက်၍ ပထမဆုံး ခေတ်သစ် သဘောတရားကို ပြင်သစ်နိုင်ငံရေးတွေးခေါ်ရှင် ယန်းဘော်ဒင်က ၁၅၃၀ မှ ၁၅၉၆ ခုနှစ်အတွင်း မိတ်ဆက်ပေးခဲ့သည်။ ယင်းကို ယနေ့ခေတ်တွင် နိုင်ငံရေး သိပ္ပံပညာရှင်များဖြစ်သော ဟော်ဘီ၊ ဂရိုတီးယက်၊ လော့က်၊ ဘန်သမ်၊ ရိုဆူး၊ ဂျွန်အော်စတင်နှင့် အခြားအများအပြားတို့က နိုင်ငံရေး သီအိုရီအဖြစ် ပြောင်းလဲပေးခဲ့သည်။
အချုပ်အခြာအာဏာပိုင်နိုင်ငံဟူသည် ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာ သက်ရောက်မှုရှိခြင်း၊ လူဦးရေ အတည်တကျ ရှိခြင်း၊ အုပ်ချုပ်သည့် အစိုးရရှိခြင်း၊ အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသော နိုင်ငံကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် အခြား နိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်း ခံမနေရသော နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံသည် အခြားအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကမျှ အသိအမှတ်မပြုဘဲ နိုင်ငံအဖြစ် ရပ်တည်နိုင်သော်လည်း စာချုပ်စာတမ်းများ ချုပ်ဆိုခြင်း နှင့် သံတမန်ဆက်ဆံရေးတို့တွင်မူ အခက်အခဲရှိမည် ဖြစ်သည်။ နိုင်ငံ (Country) ဟူသည့် စကားလုံးကို အကြမ်းဖျင်းအားဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများကို ရည်ညွှန်း သုံးနှုန်းကြသည်။ အစပိုင်းက နိုင်ငံဆိုသည်မှာ ပထဝီဒေသကိုသာ ရည်ညွှန်းသော်လည်း နောက်ပိုင်းတွင် အချုပ်အခြာအာဏာနှင့် ပထဝီအနေအထားအား ထိန်းချုပ်နိုင်မှုကိုပါ ရည်ညွှန်းလေသည်။
နိုင်ငံတစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင်ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူတို့၏ အကျိုးစီးပွား တိုးတက်မှုကို ကာကွယ်ရန်အတွက်လည်းကောင်း အချုပ်အခြာအာဏာ လိုအပ်သည်။ အချုပ်အခြာပိုင်ဆိုင်မှု ရှိမှသာလျှင် မိမိတို့နိုင်ငံနှင့် နိုင်ငံသားများအကျိုးကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ခြင်းသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ အဓိက ၀ိသေသလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာအာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။ ၎င်းတို့မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ ဖြစ်ကြသည်။
■ အုပ်ချုပ်ရေးအာဏာ
အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ်အုပ်ချုပ်သည်။ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ် ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတများက အုပ်ချုပ်ရေးအကြီးအကဲအဖြစ်ဖြင့် ယင်းအုပ်ချုပ်ရေးအာဏာကို စွဲကိုင် ကျင့်သုံးသည်။
■ ဥပဒေပြုရေးအာဏာ
ဥပဒေပြုရေးအာဏာကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိဘဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ ထိုလွှတ်တော်၏တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့် ဥပဒေများကို အချိန်အခါနှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြု မဲပေးခြင်းစနစ်ကို ကျင့်သုံးသည်။
■ တရားစီရင်ရေးအာဏာ
တရားစီရင်ရေးအာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ်အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာ ကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှုနှင့် သက်ဆိုင်ရာဥပဒေသများကို ကျေညက်စွာ နားလည်မှုတို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ ရွေးကောက်ခြင်းဖြင့် ခန့်အပ်၍ မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ/ဝန်ကြီးချုပ်) က ရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ ယင်းအာဏာသုံးရပ်ကို ကောင်းစွာကျင့်သုံးနိုင်မှသာလျှင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဟု ခေါ်ဆိုနိုင်မည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဇူလိုင် ၂၃ ရက်ထုတ် နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်