စဉ့်ကူးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး မိုင်းရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေဟု ထုတ်ပြန်

စဉ့်ကူးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး မိုင်းရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေဟု ထုတ်ပြန်
Published 20 July 2024

စဉ့်ကူးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး မိုင်းရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

စဉ့်ကူးမြို့အား ဇူလိုင် ၁၇ ရက်တွင် သိမ်းပိုက်ရရှိကြောင်း MDY PDF က ဇူလိုင် ၂၀ ရက် နံနက်ပိုင်း၌ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပြီးနောက် နစကက မြို့အား ပြန်လည်ထိန်းချုပ်ထားကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

PDF အဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှစ၍ စဉ့်ကူးမြို့နယ်အတွင်းသို့ ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသော နေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်းသိရသည်။

ထို့ပြင် PDF များသည် မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏ နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF များ လုပ်ရပ်များကြောင့် စဉ့်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း၊ PDF အဖွဲ့များ၏ လုပ်ရပ်များကို လက်မခံသည့် စဉ့်ကူးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများက ၎င်းတို့၏ ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာ ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြို့၊ ရွာ ကာကွယ်ရေးအဖွဲ့များ အပါအဝင် ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ထိုသို့ စုဖွဲ့ပြင်ဆင်ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် ဇူလိုင် ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ ဆုတ်ခွာသွားခဲ့ပြီး စဉ်ကူးမြို့အား ယနေ့ (ဇူလိုင် ၂၀ ရက်)တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နစကက ထုတ်ပြန်သည်။

PDF များသည် စဉ့်ကူးမြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခြင်း၊ အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသော ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement- ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း နစကက ထုတ်ပြန်သည်။

ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်မှုများကြောင့် PDF အဖွဲ့များသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက ထုတ်ပြန်သည်။

Most Read

Most Recent