မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေးမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အနိမ့်ပိုင်း လူနေအိမ်များတွင် ​ရေဝင်ရောက်လျက်ရှိပြီး ပုံမှန်ထက် မြစ်ရေမြင့်တက်မှုများသောကြောင့် လူနေအိမ်အချို့ ရေနစ်မြုပ်

မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေးမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အနိမ့်ပိုင်း လူနေအိမ်များတွင် ​ရေဝင်ရောက်လျက်ရှိပြီး ပုံမှန်ထက် မြစ်ရေမြင့်တက်မှုများသောကြောင့် လူနေအိမ်အချို့ ရေနစ်မြုပ်
Published 13 July 2024

 

 မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းနံဘေးဝဲယာမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အနိမ့်ပိုင်းလူနေအိမ်များ ဇူလိုင် ၇ ရက်နေ့မှစ၍ ရေဝင်ရောက်လျက်ရှိပြီး ပုံမှန်ထက် မြစ်ရေမြင့်တက်မှုများသောကြောင့် လူနေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိကာ ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်ရသူများ တစ်နေ့ထက် တစ်နေ့ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ချောက်၊ ဆိပ်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ စကု၊ မင်းဘူး၊ မကွေး၊ မင်းလှ စသည့် မြို့များနှင့် ယင်းမြို့နယ်များအတွင်းရှိ ကျေးရွာများမှ အနိမ့်ပိုင်းရှိ လူနေအိမ်များတွင် ဇူလိုင် ၇ ရက်နေ့မှစ၍ ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိပြီး ပုံမှန်ထက် မြစ်ရေမြင့်တက်မှုများသောကြောင့် နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 ချောက်မြို့ အလယ်ဓမ္မာရုံံ၊ လေဘာဆိပ်၊ ချောက်ရွာမ၊ လွတ်လပ်ရေး၊ ရွာဟောင်း၊ အုတ်ဖို၊ ဇီးကပ်ကြီး စသည့် ရပ်ကွက်များတွင် နှစ်စဉ် ဧရာဝတီမြစ်ရေ မြင့်တက်ချိန်တိုင်း လူနေအိမ်များအတွင်း ရေဝင်ရောက်လေ့ရှိကြောင်း သို့သော် ယခုနှစ်တွင် မြစ်ရေမြင့်တက်မှုသည် တစ်နေ့လျှင် သုံးပေနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ထို့ကြောင့် လူနေအိမ်အချို့ လုံးဝရေနစ်မြုပ်သည်အထိ ရှိခဲ့ကြောင်း မြစ်ရေမြင့်တက်မှုနှုန်း မြန်သောကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ပုံမှန်ထက် များပြားလျက်ရှိကြောင်း သိရသည်။

 " မြစ်ရေတက်ချိန်တိုင်း ကမ်းနားဘက်က လူနေအိမ်တွေ ရေဝင်လေ့ရှိပေမယ့် အခုနှစ်လောက် အချိန်တိုနဲ့ အများကြီးဝင်တာက မဖြစ်ခဲ့တာ ကြာပါပြီ။ ရေတက်တဲ့နှုန်းက မြန်ပြီး များလွန်းတော့ ရေလွတ်ရာ ပြောင်းရွှေ့နေကြသူတွေလည်း ပုံမှန်ထက် ပိုများပါတယ်။ ရန်ကုန်မှာ ဝမ်းရောဂါတွေ ဖြစ်နေတာလည်းရှိတော့ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ် " ဟု​​ မင်းဘူးမြို့နယ် မယ်ဘေ့ကုန်းကျေးရွာမှ ရေဝင်ရောက်မှု ကြုံတွေ့နေရသူတစ်ဦးက ပြောကြားသည်။

 ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဇူလိုင်လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီးနောက် မြစ်အောက်ဘက် မြစ်ကမ်းဘေးဝဲယာရှိ မြို့ရွာများတွင်လည်း မြစ်ရေမြင့်တက်မှု မြင့်မားလျက်ရှိနေကြောင်း မကွေးတိုင်းဒေသကြီးအတွင်း မြို့ပေါ်နှင့် ကျေးရွာများမှ နေအိမ်အတွင်း ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသူများသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဘုရားတန်ဆောင်း၊ ဓမ္မာရုံံ ၊ ဘောလုံးကွင်း စသည့်နေရာများတွင် မှီခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

ပုံစာ ။ ။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မယ်ဘေ့ကုန်းကျေးရွာ အနိမ့်ပိုင်းမှ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နေမှုကို ဇူလိုင် ၁၃ ရက်နေ့က တွေ့ရစဉ်

Most Read

Most Recent