ပြင်သစ်ကိုအနိုင်ရပြီးနောက် အောင်ပွဲခံရာ၌ လုံခြုံရေးဝန်ထမ်းနှင့် ထိခိုက်မိပြီး စပိန်အသင်းခေါင်းဆောင် မိုရာတာ ဒဏ်ရာရ

ပြင်သစ်ကိုအနိုင်ရပြီးနောက် အောင်ပွဲခံရာ၌ လုံခြုံရေးဝန်ထမ်းနှင့် ထိခိုက်မိပြီး စပိန်အသင်းခေါင်းဆောင် မိုရာတာ ဒဏ်ရာရ
Photo : Getty Images
Photo : Getty Images
Published 11 July 2024

စပိန်အသင်းခေါင်းဆောင် မိုရာတာသည် ပြင်သစ်အသင်းအား အနိုင်ရပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံရာတွင် လုံခြုံရေးဝန်ထမ်းနှင့်ထိခိုက်မိပြီး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ဇူလိုင် (၉) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်း၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ယမားလ်၊ အော်လ်မိုတို့၏ သွင်းဂိုးများကြောင့် ပွဲအပြီးတွင် (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်အသင်းသည် ပြင်သစ်အသင်းအား အနိုင်ရပြီး နောက် ၂၀၁၂ နောက်ပိုင်း ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ ပြန်လည်တက်ရောက်နိုင်ခဲ့သဖြင့် ပွဲအပြီးတွင် အောင်ပွဲခံခဲ့ကြသည်။ စပိန်ကစားသမားများသည် ပွဲအပြီးတွင် အသင်းပရိသတ်များရှိနေသည့် ပွဲကြည့်စင်ရှေ့တွင် စုံရုံးကာ အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ အသင်းပရိသတ်များနှင့် စပိန်ကစားသမားများ အောင်ပွဲခံနေချိန်တွင် ကွင်းလုံခြုံရေးများက  ကစားသမားများနှင့် ပရိသတ်များအကြား လုံခြုံရေး ရယူပေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

စပိန်ကစားသမားများ၏ လုံခြုံရေးကို စောင့်ကြပ်ပေးရန်ရောက်ရှိလာသည့် ကွင်းလုံခြုံရေးတစ်ဦးသည် ပြေးလာချိန်တွင် ကွင်းအတွင်း ချော်လဲခြင်းဖြစ်ပြီး စပိန်အသင်းခေါင်းဆောင် မိုရာတာ၏ဒူးကို မတော်တဆ ထိခိုက်မိခဲ့ခြင်းဖြစ်သည်။ မိုရာတာအနေဖြင့် ဒူးကို အရှိန်ဖြင့် ထိခိုက်ခံရသဖြင့် အလွန်နာကျင်သွားပုံရပြီး ညာဘက်ဒူးကို လက်ဖြင့် ကိုင်ကာ အော်ဟစ်နေခဲ့သည်ကို မြင်တွေ့ရသည်။

ကွင်းလုံခြုံရေးဝန်ထမ်းများသည် အဆိုပါဖြစ်ရပ်အတွက် မိုရာတာကို အနူးအညွတ်တောင်းပန်ခဲ့ကြကြောင်း သိရှိရသည်။ မိုရာတာသည် ယင်းဖြစ် ရပ်ပေါ်ပေါက်ပြီးနောက် တစ်လျှောက်လုံး ၎င်း၏ ညာဘက်ဒူးကို ကိုင်ကာ မျက်နှာရှုံ့မဲ့နေခဲ့ပြီး အဝတ်လဲခန်းထဲသို့ ဝင်ရောက်သွားချိန်တွင်လည်း ဝမ်းနည်းနေခဲ့ကြောင်း ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင် မြင်တွေ့ရသည်။

မိုရာတာအနေဖြင့် အဆိုပါ ဒူးဒဏ်ရာကို Scan ဖတ်စစ်ဆေးရမည်ဖြစ်ပြီး ကံမကောင်းပါက ဇူလိုင် (၁၄) ရက်(တနင်္ဂနွေနေ့) တွင် ကစားမည့် ယူရို ၂၀၂၄ ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

စပိန်အသင်းခေါင်းဆောင် မိုရာတာသည် ယခု ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဂိုးရရန် ရုန်းကန်နေရပြီး (၆) ပွဲကစားရာတွင် (၁)ဂိုးသာ သွင်းယူထားနိုင်သေးသည်။

Most Read

Most Recent