လိုတိုရှင်းစီးပွားရေးသုတ (၁၁၆ - ၁၂၀)

လိုတိုရှင်းစီးပွားရေးသုတ (၁၁၆ - ၁၂၀)
Published 7 July 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၁၁၆)

 ကြွေးမြီသက်သာခွင့် (Debt Relief)

         ကြွေးမြီသက်သာခွင့်ဆိုသည်မှာ နိုင်ငံရပ်ခြားဘဏ်များနှင့် ငွေထုတ်ချေးသည့် အဖွဲ့ အစည်းများက ၎င်းတို့ကိုပြန်လည်ပေးရန်ရှိသည့် ကြွေးမြီများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ သို့မဟုတ် အားလုံးကို ဖြစ်စေသက်သာမှုဖြစ်စေခြင်း၊ လျှော်ပစ်ပေးခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၎င်းတို့ချေးယူထားသောကြွေးမြီများကို ပြန်လည်ပေးဆပ်ရန် အခက်အခဲများစွာကြုံတွေ့ လေ့ရှိသည်။ တာဝန်ခံမှုမရှိသော ကြွေးမြီများထုတ်ချေးခြင်းနှင့် ချေးယူခြင်းတို့သည်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်

ကြွေးမြီစီမံခန့်ခွဲနိုင်စွမ်းမရှိသော အခြေအနေများဖြစ်ပေါ် လာစေတတ်သည်။

         ကြွေးမြီသက်သာခွင့်ကို အချို့သောအဖွဲ့အစည်းများ၏ အားထုတ် ဆောင်ရွက်မှုများမှတစ်ဆင့်ရရှိလာနိုင်သည်။ အိုင်အမ်အက်ဖ်ဟုခေါ်သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့ပူးတွဲလုပ်ဆောင်သည့်  ကြွေးမြီနွံနစ်ဆင်းရဲသောနိုင်ငံများ အစီအစဉ်အရ အချို့သောကြွေးမြီများကို သက်သာခွင့်များပေးတတ်သည်။ ထိုအခြေအနေသည် နိုင်ငံများအတွက် ကြွေးမြီပြန်လည်ပေးဆပ်နိုင်စွမ်းမရှိသည့် အခြေအနေများကို ဖော်ပြနေသည်။ အဘယ့်ကြောင့်ဆိုသော် အတိုးနှင့် တကွ ပြန်လည်ပေးချေရမည့် ငွေပမာဏသည် ရရှိလာနိုင်သည့် နိုင်ငံ့ဝင်ငွေပမာဏကို ကျော်လွန်လာနေသောကြောင့်ဖြစ်သည်။

       ကြွေးမြီသက်သာခွင့်ကို ထောက်ခံသူများက အဆိုပါအစီအစဉ်သည် အရေးကြီးသည်ဟုဆိုသည်။ ပြည်တွင်းစီးပွားရေး အဆောက်အအုံထဲသို့ အရင်းအမြစ်များရွှေ့ပြောင်းခြင်းသည် အစိုးရများက ပြည်သူလူထု၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်သည်ဟုဆိုကြသည်။ အချို့သော စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးသမားများကမူ ထိုကြွေးမြီသက်သာခွင့်သည်  တာဝန်ယူမှုမရှိသော ငွေချေးငှားမှုများကို ပိုမိုအားပေးအားမြှောက်ပြုရာရောက်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

ဝေါဟာရများ

နိုင်ငံရပ်ခြားဘဏ်များ/ ငွေထုတ်ချေးသည့် အဖွဲ့ အစည်းများ=foreign banks/ lending institutions

စီမံခန့်ခွဲနိုင်စွမ်းမရှိသောကြွေးမြီ= unmanageable debt    

ကြွေးမြီနွံနစ်ဆင်းရဲသောနိုင်ငံများ=Highly Indebted Poor Countries( HIPC)    

ပြည်သူလူထုလိုအပ်ချက်=people’s need

တာဝန်ယူမှုမရှိသောငွေချေးငှားမှုများ=irresponsible borrowing    

 

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၇)

ဂျီနီကိန်း ဆိုသည်မှာ (Gini Coefficient)

          နိုင်ငံများအတွင်း ဖြစ်ပေါ်နေသော မညီမျှမှုများနှင့်ပတ်သက်၍ သိရှိနိုင်ရန် မည်သို့တိုင်းတာကြမည်ကို စဉ်းစားမိကြလိမ့်မည်။ ထိုအခြေအနေကိုတိုင်းတာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျီနီကိန်းကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဂျီနီကိန်းကို ဂျီနီဆနှုန်းကိန်း၊ ဂျီနီအချိုးဟုလည်း လူသိများကြသည်။ ဂျီနီကိန်း၏တန်ဖိုးကိုအသုံးပြု၍ ဖော်ပြရာတွင် သုည (၀)  မှ တစ် (၁) အတွင်း သတ်မှတ်ဖော်ပြပြီး သချင်္ာဆိုင်ရာဖော်ပြချက်အဖြစ်လည်း ရေးသားလေ့ရှိကြသည်။ သုညဟုဖော်ပြချက်သည် လုံးဝညီမျှမှုဟု အဓိပ္ပာယ်ရပြီး တစ်-ဟု ဖော်ပြချက်သည် လုံးဝမညီမျှမှုဟု အဓိပ္ပာယ်ကို ဖော်ညွှန်းနေသည်။ တစ်ခါတစ်ရံတွင် ရာခိုင်နှုန်းအားဖြင့်လည်း ဖော်ပြလေ့ရှိကြသည်။

          အသုံးများသော စံထားတန်ဖိုးဂျီနီကိန်းကို ပညာရေးကဏ္ဍမှစ၍ မြေယာပိုင်ဆိုင်မှုကိစ္စအဆုံး အခြေအနေများအားလုံးအတွက် ညီမျှမှုကို တိုင်းတာရာတွင် အသုံးပြုကြသည်။ အများဆုံးအသုံးပြုသည့်ကိစ္စရပ်မှာ ဝင်ငွေမညီမျှမှုအခြေအနေဖြစ်သည်။ ကမ္ဘာပေါ် တွင်ဖြစ်ပေါ်နေသော လက်တွေ့အခြေအနေများအရ ညီမျှမှုအရှိဆုံးဖြစ်သည့် နိုင်ငံများတွင် ဂျီနီကိန်း သုည ဒသမ နှစ် (၀ ဒသမ ၂) ဝန်းကျင်တွင်ရှိနေပြီး ညီမျှမှုမရှိဆုံးနိုင်ငံများမှာ သုည ဒသမ ခုနစ် (၀ ဒသမ ၇) တွင်ရှိနေသည်။

          မညီမျှမှုတိုင်းတာဖော်ပြချက်သည် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသည့် အချက်အလက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေကို ဖော်ပြနိုင်သည့် ဂျီဒီပီတန်ဖိုးထက်ပို၍ အသေးစိတ်သည့် အခြေအနေများ သိရှိနိုင်သောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် မညီမျှမှုအခြေအနေမြင့်မားစွာဖြစ်ပေါ် ပါက ထိုလူအဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ကို သတိပြုရန်လိုသည်။ ရာဇဝတ်မှုများ ကျူးလွန်များပြား လာနိုင်ခြင်းနှင့် ထိုလူအဖွဲ့အစည်း၏ အနာဂတ်မျိုးဆက်များပါ ဆင်းရဲနွမ်းပါးမှုအခြေအနေဆီသို့  ဦးတည်သွားစေနိုင်ပေသည်။                                                

 

ဝေါဟာရများ

မညီမျှမှုများ=inequality

လုံးဝညီမျှမှု/လုံးဝမညီမျှမှု=complete equality/ complete inequality

မြေယာပိုင်ဆိုင်မှု=land ownership  

ဝင်ငွေမညီမျှမှု=income inequality

အနာဂတ်မျိုးဆက်များ=generations

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၈)

ဝယ်နိုင်စွမ်းအားညီမျှကိန်း (Purchasing Power Parity-PPP)

          စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ကို တိုင်းတာရာတွင်များသောအားဖြင့် အမေရိကန်ဒေါ်လာကို အသုံးပြုလေ့ရှိကြသည်။ သို့ရာတွင် ဒေါ်လာသုံးစွဲမှုတန်ဖိုးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်ပေ။ ဥပမာ နိုင်ငံတစ်နိုင်ငံရှိ အမေရိကန်ငွေကြေးတစ်ဒေါ်လာဖြင့် ဝယ်ယူနိုင်စွမ်းသည် အခြားနိုင်ငံတစ်နိုင်ငံရှိ တစ်ဒေါ်လာ ငွေကြေးဝယ်နိုင်စွမ်းအားထက် ပိုမိုနိုင်သည်။ ဂျီဒီပီကို အမေရိကန်ဒေါ်လာဖြင့်တွက်ချက်ဖော်ပြရာတွင် ဝယ်နိုင်စွမ်းအား ညီမျှကိန်း (ပီပီပီ) သည် ထည့်သွင်းစဉ်းစားရမည့် တွက်ချက်မှုတစ်ခုဖြစ်သည်။

          ဂျီဒီပီကို စျေးကွက်ထဲတွင်ဖြစ်ပေါ်နေသောငွေလဲလှယ်နှုန်းကို အသုံးပြု သမားရိုးကျဖော်ပြခြင်းထက် ဝယ်နိုင်စွမ်းအားညီမျှကိန်း (ပီပီပီ) ကို အသုံးပြု ဖော်ပြခြင်းက စံမီသော ဂျီဒီပီတိုင်းတာမှုကို ရရှိစေသည်။ ငွေဖောင်းပွမှုနှင့် နေထိုင်မှုစရိတ်စကများကိုပါ ထည့်သွင်းချက်သောအခါ  ပိုမိုတိကျသော တန်ဖိုးများကိုရရှိနိုင်မည်ဖြစ်သည်။ ထိုအချက်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်ရေး အားထုတ်ရာတွင် အရေးကြီးသည်။

ဝယ်နိုင်စွမ်းအားညီမျှကိန်း (ပီပီပီ) နှင့်ပတ်သက်၍ ထင်ရှားသော ဥပမာတစ်ခုမှာ “သည် အီကိုနောမစ် မဂ္ဂဇင်းတွင်ဖော်ပြသည့် ဘစ်မက်ခ်ညွှန်းကိန်းဖြစ်သည်။

လွယ်ကူရှင်းလင်းသော ဝယ်နိုင်စွမ်းအားညီမျှကိန်း (ပီပီပီ) ကို တွက်ချက်ရန် အတွက် နိုင်ငံတကာတွင် လူကြိုက် များ စားသုံး နေသည့် အသား ညှပ်ပါမုန့် ၏စျေးနှုန်းကို အသုံးပြု တွက်ချက် ထားခြင်းဖြစ်သည်။ နိုင်ငံ အသီးသီး ရှိစားသုံးသူများ နှစ်ခြိုက်စွာစားသုံးနေပြီး စံထားတွက်ချက်နိုင်သည့်  ထိုကုန်ပစ္စည်း ၏စျေးနှုန်းကို နှိုင်းယှဉ်  မှုသည် နိုင်ငံအသီးသီး၏   နေထိုင်ကုန်ကျစရိတ် များ ဆက်စပ်မှုကို   ကိုယ်စားပြုဖော်ပြပေးနိုင်သည်ဟုဆိုသည်။

ဝေါဟာရများ

စျေးကွက်ထဲတွင်ဖြစ်ပေါ်နေသောငွေလဲလှယ်နှုန်း =  market exchange rate            

စံမီသော ဂျီဒီပီတိုင်းတာမှု=standardized  GDP measure   

နေထိုင်မှုစရိတ်စက= cost of living     

သည် အီကိုနောမစ်မဂ္ဂဇင်း=The Economist Magazine  

ဘစ်မက်ခ် ညွှန်းကိန်း=Big Mac Index      

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၉)

အသေးစားဘဏ္ဍာရေးလုပ်ငန်း (Microfinance)

          အသေးစားဘဏ္ဍာရေးလုပ်ငန်းဆိုသည်မှာ အသေးစားချေးငွေလုပ်ငန်းကို ရည်ညွှန်းသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် စီးပွားရေးအဆောက်အအုံအတွင်း၌ အသေးစားစီးပွားရေးလုပ်ငန်းလေးများသာ နေရာများစွာယူထားတတ်ကြသည်။ သို့သော် ထိုလုပ်ငန်းလေးများသည် လိုအပ်သော ငွေကြေးအရင်းအနှီးအတွက် ဘဏ်များမှချေးငွေရရှိရန် ခက်ခဲကြသည်။ အသေးစား ဘဏ္ဍာရေးလုပ်ငန်းသည်  ထိုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည်။ အသေးစားဘဏ္ဍာရေး အဖွဲ့ အစည်းများသည် ဆင်းရဲနွမ်းပါးသူများကို တိုက်ရိုက်ဦးတည်လုပ်ဆောင်ပြီး အပေါင်ပစ္စည်းပေးရန် မလိုဘဲ အသေးစားချေးငွေများ (အထူးသဖြင့် ဒေါ်လာ ၅၀၀ အောက်နည်းသောပမာဏ) ထုတ်ချေးပေးကြသည်။

          လမ်းဘေးစျေးရောင်းသူများ၊ ကုန်ရောင်းကုန်ဝယ်လုပ်သူများနှင့် လယ်သမားငယ်များသည် ထိုအဖွဲ့အစည်းများ၏ချေးငွေထုတ်ချေးမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။ ငွေချေးပေးရာတွင်  အုပ်စုဖွဲ့ချေးငှားသည့် အစီအစဉ်ရေးဆွဲ၍ လုပ်ဆောင်ကြသည်။ ထိုအစီအစဉ်တွင် ငွေချေးမည့်သူများကို အုပ်စုဖွဲ့ပေးပြီး ထိုအုပ်စုကို စုစုပေါင်းချေးငွေများ ပထမထုတ်ချေးလိုက်သည်။ တစ်ဖန်ပြန်၍ ထိုချေးငွေများကို အုပ်စုထဲရှိ အဖွဲ့ဝင်တစ်ဦးချင်းဆီသို့ပြန်လည်ခွဲဝေထုတ်ချေးရသည်။ ချေးငွေများ ပြန်လည်ပေးဆပ်သည့်အခါတွင်လည်း အဖွဲ့ဝင်တစ်ဦးချင်းက ထိုအုပ်စုသို့ပြန်လည် ပေးဆပ်ရသည့်ပုံစံမျိုးဖြစ်သည်။ ချေးငွေအဖွဲ့အစည်းများသည်လည်း အတိုးမဲ့ချေးငွေများ ထောက်ပံ့တတ်ကြသည်။ အုပ်စုထဲရှိ အဖွဲ့ဝင်များက ပုံသေစုဆောင်းငွေများကို စုစည်း၍ ထိုငွေများကို ချေးငွေများအဖြစ်အဖွဲ့ဝင်များကို ပြန်လည်ခွဲဝေထုတ်ချေးခြင်းဖြစ်သည်။

          အသေးစားဘဏ္ဍာရေးပတ်သက်၍ အကျော်ကြားဆုံး ဥပမာကိုပြောရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဂရာမင်းဘဏ်ကို ညွှန်ပြနိုင်သည်။ ယခုအခါ ထိုဘဏ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အသေးစားချေးငွေနှင့် ပတ်သက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်နေပြီဖြစ်သည်။ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်းများ ပေးထားသောအစုအဖွဲ့အုပ်စုများသို့ အပေါင်ပစ္စည်းမဲ့ချေးငွေများ ထုတ်ချေးပြီဒ ငွေချေးယူသူအချင်းချင်း အပြန်အလှန်ထိန်းကျောင်းသည့်စနစ်ဖြင့် ပြန်လည်ပေးဆပ်စေခြင်းဖြင့် အကြွေးပြန်ဆပ်သည့်နှုန်း အလွန်မြင့်မားသည့် အခြေအနေမျိုး ရရှိနေပြီဖြစ်သည်။

ဝေါဟာရများ

အသေးစားချေးငွေ=small loan/ micro credit  

 အသေးစားဘဏ္ဍာရေးအဖွဲ့ အစည်းများ=microfinance institutions    

အပေါင်ပစ္စည်း=collateral  

အုပ်စုဖွဲ့ချေးငှားပေးသည့် အစီအစဉ်=group lending  scheme

ချေးငွေအဖွဲ့အစည်းများ=credit associations 

ဂရာမင်းဘဏ်=Grameen Bank

 

လိုတိုရှင်း စီးပွားရေးသုတ (၁၂၀ )

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (foreign direct investment )

          နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးတစ်ယောက် သို့မဟုတ် လုပ်ငန်းတစ်ခုက နိုင်ငံရပ်ခြားစီးပွားရေး အဆောက်အအုံတစ်ခုအတွင်း ပြုလုပ်သည့်  ကာလလတ် သို့မဟုတ် ကာလရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ အတိုကောက်အားဖြင့် အက်ဖ်ဒီအိုင် (FDI) ဟု ခေါ် သည်။ များသောအားဖြင့်  မာလ်တီနယ်ရှယ်နယ်လ်ကော်ပိုရေးရှင်းကြီးများက ပြုလုပ်ခြင်း သို့မဟုတ် လက်ခွဲကုမ္ပဏီများကပြုလုပ်ခြင်း၊ အခြားလုပ်ငန်းများနှင့်ပေါင်းစပ်၍လုပ်ကိုင်ခြင်းတို့ကို  တွေ့ရသည်။

          ထောက်ခံသူများက  အက်ဖ်ဒီအိုင်နှင့်ပတ်သက်၍ အရင်းအနှီးမရှိသော နိုင်ငံများကို အဓိကအားဖြင့် ရည်ညွှန်းပြောဆိုကြပြီး ထိုနိုင်ငံများဆီသို့ ငွေကြေးအရင်းအနှီးများအပြင် နောက်ဆုံးပေါ်နည်းပညာများနှင့် ကျွမ်းကျင်မှုအတတ်ပညာများ ရောက်ရှိလာနိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် သော့ချက်ဟုလည်း ပြောလေ့ရှိဆိုကြသည်။ ဒေသဆိုင်ရာအုပ်ချုပ်သူအစိုးရများကလည်း အက်ဖ်ဒီအိုင်ကြောင့်ဖြစ်ပေါ်လာသော မြင့်မားသည့်လုပ်ငန်းအမြတ် အစွန်းများနှင့် လုပ်ခလစာများ ပေါ်တွင် ရရှိလာမည့် အခွန်အခများကြောင့် ရငွေပမာဏ မြင့်မားလာမည်။ ထိုအခြေအနေများမှတစ်ဆင့် ဒေသဆိုင်ရာ အစိုးရများအတွက် ယခင်ကာလများထက် အကျိုး ဖြစ်ထွန်းမှု ပိုမိုရရှိလာနိုင်သည်ဟု သုံးသပ်ကြသည်။

          အက်ဖ်ဒီအိုင် ပိုမိုစီးဝင်လာနိုင်ရေး ဆွဲဆောင်နိုင်စေရန် အစိုးရများအနေဖြင့် မက်လုံးများ ဖန်တီးပေးခြင်း၊ ပံပိုးပေးခြင်းများ လိုအပ်သည်။ အခြားတစ်ဖက်တွင်လည်း အများပြည်သူနှင့်ဆိုင်ရာ အရေးအရာများတွင် ထောက်ပံ့မှုများပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်းတို့လည်း ပြုလုပ်မှုများရှိလာနိုင်သဖြင့် အလားအလာရှိသော ရငွေများ လျော့ကျသွားခြင်းများလည်း ရှိလာနိုင်သည်။ အက်ဖ်ဒီအိုင်သည် ပြည်တွင်းလုပ်ငန်းများကို စျေးကွက်ထဲမှ ထွန်းထုတ်နိုင်သောကြောင့်      ပြည်တွင်း လုပ်ငန်းများ၏ စွန့်ထွင်လုပ်ကိုင်မှုများကို ထိန်းချုပ်ထားခြင်များ မဖြစ်စေရန်လည်း  သက်ဆိုင်ရာအစိုးရတို့ သတိထားသင့်သည်။ နိုင်ငံသို့မဟုတ် ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှုကိုဦးမတည်ဘဲ  အမြတ်အစွန်းတစ်ခုတည်းနောက်ကိုသာ လိုက်နေသည့် အခြေအနေမျိုးမဖြစ်သွားစေရန်လည်း ဂရုစိုက်ကြပ်မတ်သင့်သည်။

                                                                              

ဝေါဟာရများ

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု=foreign direct investment

မာလ်တီနေရှင်နယ် ကော်ပိုရေးရှင်းများ=multinationals corporations 

အခွန်ကင်း လွတ်ခွင့်များ=tax concessions 

ပြည်တွင်းလုပ်ငန်းရှင်များ စွန့်ထွင်လုပ်ကိုင်မှု=domestic entrepreneurship 

ဈေးကွက်ထဲမှ တွန်းထုတ်ခြင်း =driven from the market

 

 

 

 

 

 

 

 

 

Most Read

Most Recent