ယာဂန်ကလော့ပ်၏ Instagram Post ကြောင့် ၎င်းကို အမေရိကန်နည်းပြအဖြစ် ခန့်အပ်ရန် အသင်းပရိသတ်များ တောင်းဆို

ယာဂန်ကလော့ပ်၏ Instagram Post ကြောင့် ၎င်းကို အမေရိကန်နည်းပြအဖြစ် ခန့်အပ်ရန် အသင်းပရိသတ်များ တောင်းဆို
Photos: Getty Images & Goal.com
Photos: Getty Images & Goal.com
Published 6 July 2024

 

အမေရိကန်အသင်းအားပေးသူပရိသတ်များသည် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်၏ Instagram Post ကြောင့် ၎င်းကို လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ခန့်အပ်ရန် လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။ 

အမေရိကန်လက်ရွေးစင်အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လက်ရှိ အမေရိကန်နည်းပြ ဘာဟယ်လ်တာမှာလည်း ရာထူး မှထုတ်ပယ်ခံရမည်ဟု သတင်းထွက်ပေါ်နေသည်။ ယင်းအခြေအနေတွင် အမေရိကန်လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် တင်မ်ဟောင်းဝပ်နှင့် လာလက်စ်တို့က အမေရိကန်ဘောလုံးအဖွဲ့ချုပ်အား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းကို ဦးဆောင်ရန်အတွက် ယာကန်ကလော့ပ်အား အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တောင်းဆိုမှုရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အနားယူနေသည့် နာမည်ကျော် ဂျာမန်နည်းပြ ယာဂန်ကလော့ပ်သည် ဇူလိုင်လ ၄ ရက်တွင် လီဗာပူးလ်အသင်းကို ကိုင်တွယ်စဉ်က အမေရိကန်နိုင်ငံသို့ ရာသီကြိုခြေစမ်းပွဲကစားရန် သွားရောက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို ၎င်း၏ Instagram တွင် တင်ခဲ့ခြင်းဖြစ် သည်။ ကလော့ပ်သည် အဆိုပါဓာတ်ပုံများနှင့်အတူ "အခုအချိန်က လီဗာပူးလ်အသင်းနဲ့အတူ အမေရိကန်ကို သွားခဲ့တဲ့ ရာသီကြိုခရီးစဉ်ကို တွေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ အမေရိကန်မှာ ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အမေရိကန်ပရိသတ်တွေက အရမ်းကောင်းပါတယ်။ ပျော်စရာကောင်းတဲ့ ဇူလိုင် ၄ ရက်ပါ"ဟု ရေးသားခဲ့သည်။ 

ကလော့ပ်၏ အဆိုပါ Instagram Post ကို မြင်တွေ့ရပြီးနောက် အမေရိကန်လက်ရွေးစင်အသင်း အားပေးသူပရိသတ်များက လက်ရှိနည်းပြ ဘာဟယ်လ်တာကို ထုတ်ပယ်ပြီး ကလော့ပ်ကို အမေရိကန်အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ပရိသတ်တစ်ဦးက "ကလော့ပ်က အ မေရိကန်ခရီးစဉ်အကြောင်းကို တွေးနေပြီ။ သူ လာတော့မှာ"ဟု ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးက "ယာဂန်ကလော့ပ်ရေ။ အမေရိကန်အသင်းက ကြိုဆိုပါတယ်"ဟု ရေးသားခဲ့သည်။ 

UrabanDFW အကောင့်ပိုင်ရှင်က "အမေရိကန်အသင်းရေ ကလော့ပ်က မျက်စပစ်ပြနေပြီနော်။ ကလော့ပ်က အမေရိကန်ကို လာချင်နေပြီ။ ခေါ်လိုက်တော့"ဟု ရေးသားခဲ့ကာ 910tylxr အကောင့်ပိုင်ရှင်ကလည်း "ကလော့ပ်ကို ရအောင် ခေါ်လိုက်တော့ အမေရိကန်အသင်းရေ။ သူ့ရဲ့ နောက်ဆုုံး Instagram Post က ကမ်းလှမ်းဖို့ အချက်ပြတာပဲ"ဟု ရေးသားခဲ့သည်။ ကလော့ပ်သည် လီဗာပူးလ်အသင်းမှ ထွက်ခွာပြီးနောက် လက်ရှိတွင် စပိန်နိုင်ငံ၌ အနားယူနေကြောင်း သိရှိရသည်။ 

Most Read

Most Recent