သြစတြီးယားနှင့်ပွဲမှ အောင်ပွဲခံပုံစံကြောင့် တူရကီနောက်ခံကစားသမား ဒီမီရယ်လ် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

သြစတြီးယားနှင့်ပွဲမှ အောင်ပွဲခံပုံစံကြောင့် တူရကီနောက်ခံကစားသမား ဒီမီရယ်လ် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
Photo: UEFA
Photo: UEFA
Published 6 July 2024

 

တူရကီလက်ရွေးစင်နောက်ခံကစားသမား ဒီမီရယ်လ်သည် သြစတြီးယာအသင်းကို အနိုင်ရသည့်ပွဲမှ အောင်ပွဲခံပုံစံကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။ 

ဒီမီရယ်လ်သည် ဇူလိုင်လ ၂ ရက်က သြစတြီးယားအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရသည့် ယူရို ၂၀၂၄ ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်တွင် တူရကီအသင်းအတွက် နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်သည်။ ၎င်းသည် ပွဲချိန် ၅၉ မိနစ်တွင် ဒုတိယဂိုးသွင်းပြီးနောက် လက်နှစ်ဖက်ကို လေပေါ်သို့မြှောက်၍ ဝံပုလွေပုံစံပြုလုပ်ကာ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ 

ယင်းအပြုအမူမှာ တူရကီနိုင်ငံ၌ "Gray Wolf" ဟု လူသိများသည့် အမျိုးသားရေးအစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Ulku Ocaklari ၏ အမှတ်တံဆိပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့အစည်းမှာ ဥရောပတွင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်ပြီး ပြင်သစ်နှင့် သြစတြီးယားနိုင်ငံတွင် ထို့ကဲ့သို့ အလေးပြုခြင်းကို တားမြစ်ထားကြောင်း သိရှိရသည်။ 

သြစတြီးယားအသင်းအား အနိုင်ရသည့် ပွဲအပြီးတွင် ဒီမီရယ်လ်က အဆိုပါအပြုအမူမှာ တူရကီနိုင်ငံအမှတ်အသားကို ဖော်ပြခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ သို့သော် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ဒီမီရယ်လ်၏အောင်ပွဲခံပုံကို စုံစမ်းစစ်ဆေး ခဲ့ပြီး ယခုအခါ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီမီရယ်လ်အနေဖြင့် ယနေ့ည ကစားမည့် နယ်သာလန်အသင်းနှင့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်သလို၊ တူရကီအသင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါက အဆိုပါပွဲစဉ်ကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။