လူအများကို ငဲ့ညှာရန်နှင့် ညီညွတ်မှုကိုလည်း အားပေးသည့်အနေဖြင့်သံဃာတော်များအ‌နေဖြင့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် မေ့ဖျောက်ကြရန် ဝင်းနိမ္မိတာရုံ ဆရာတော်၏ ဈာပနသို့ ကြွရောက်လာသည့် သီတဂူဆရာတော်ကြီး မိန့်ကြား

လူအများကို ငဲ့ညှာရန်နှင့် ညီညွတ်မှုကိုလည်း အားပေးသည့်အနေဖြင့်သံဃာတော်များအ‌နေဖြင့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် မေ့ဖျောက်ကြရန် ဝင်းနိမ္မိတာရုံ ဆရာတော်၏ ဈာပနသို့ ကြွရောက်လာသည့် သီတဂူဆရာတော်ကြီး မိန့်ကြား
Published 22 June 2024

လူအများကို ငဲ့ညှာရန်နှင့် ညီညွတ်မှုကိုလည်း အားပေးသည့် အနေဖြင့်သံဃာတော်များအ‌နေဖြင့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် မေ့ဖျောက်ကြရန် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်၏ ဈာပနသို့ ကြွရောက်လာသည့် သီတဂူဆရာတော်ကြီးက မိန့်ကြားသည်။

'' အားလုံးသော သံဃာတော်များ ခွင့်လွှတ်တော်မူကြပါ။ မေ့ပျောက်‌‌အောင်ကြိုးစားတော်မူကြပါ။ သည်းခံတော်မူကြပါ။ ...။ စိတ်ဆိုးမှု‌တွေကို ထိန်းသိမ်းတော်မူကြပါ။ ဒေါသတရားကို ထိန်းသိမ်း‌တော်မူကြပါ'' ဟု သီတဂူဆရာတော်ကြီးက မိန့်ကြားသည်။

ထို့ပြင် ဆရာတော်က '' သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ဒီအမှုကိစ္စကြီးကို ပျောက်ပျက်‌အောင် နှလုံးသွင်းတော်မူကြပါ''ဟု ဆက်လက်မိန့်ကြားသည်။

သီတဂူဆရာတော်ကြီးမှာ ဆွစ်ဇာလန်နိုင်ငံတွင် ဆေးစစ်မှုခံယူရမည်ဖြစ်သဖြင့် ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်၏ ဈာပနသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း၊ ယင်းကြောင့် သံဃာတော်များအနေဖြင့် ခွင့်လွှတ်ပေးကြရန် သီတဂူဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်။

ထို့ပြင်တိုင်းပြည်၏ အ‌ခြေအနေအရ ညီညွတ်မှုမှာ အရေးကြီးနေပြီး အစိုးရနှင့် သံဃာလက်တွဲရမည်ဟု ဆရာတော်ကြီးက မိန့်ကြား သည်။

''အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာအများကြီးရှိပါတယ်။ တိုင်းသူပြည်သားလူအများကို ငဲ့ညှာဖို့၊ Union United ဆိုတဲ့ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ သည်းခံတော်မူကြပါ၊ ခွင့်လွှတ်တေယ်မူကြပါ၊ သုံးက မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့မရတော့တဲ့ တစ်စုံတယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေက အားပေးမိရာ မရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် မေ့ပျောက်ခြင်းတို့နဲ့ ထိန်းသိမ်းစောင့် ရှောက်တော်မူကြပါ''ဟု သီတဂူဆရာတော်က မိန့်ကြားသည်။

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံသတင်းထုတ်ပြန်ခဲ့ရာ သတင်းထုတ်ပြန်ချက်နှင့် ဖြစ်စဉ်တွင်ပါဝင်သည့် ကန်သုံးဆင့်ဆရာတော်မိန့်ကြားချက် ကွဲလွဲမှုများဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးဖော်ထုတ်လျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။

“သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ ဒါယိကာမများခင်ဗျာ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော်တို့လည်း ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါးဆုံးရှုံးခဲ့ရလို့ များစွားဝမ်းနည်းကြေကွဲရပါတယ်။ အဆင်မြင့်အရာရှိများပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖြစ်မှန် ဖော်ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပါမည်။ ဆရာဒါယကာလက်တွဲညီ သာသနာ့အကျိုးဆက်လက်ဆောင်ရွက်ပါမည်ဘုရား။ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားသည်။ 

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်။

ဓာတ်ပုံ-ဝင်းနိမ္မိတာရုံစာသင်တိုက်

 

Most Read

Most Recent