ကိုပါအမေရိကပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်

ကိုပါအမေရိကပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် မက်ဆီ စံချိန်သစ်တင်
Photo: Reddit
Photo: Reddit
Published 22 June 2024

 

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ချန်ပီယံအာဂျင်တီးနားအသင်းနိုင်ပွဲရပြီး အသင်းခေါင်းဆောင် မက်ဆီမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ အဖွင့် ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် အာဂျင်တီးနားနှင့် ကနေဒါ အသင်းတို့ ယှဉ်ပြိုင်ကစားရာ အာဂျင်တီးနားအသင်းက အယ်လ်ဗာရက်ဇ် (၄၉ မိနစ်)၊ လော်တာရိုမာတီနက်ဇ် (၈၈ မိနစ်) တို့သွင်း ယူသည့်ဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ သည် ယင်းပွဲတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး လော်တာရိုမာတီနက်ဇ်သွင်းယူသည့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။

လာမည့် ဇွန် ၂၄ ရက်တွင် အသက် ၃၇ နှစ်ပြည့်မည့် မက်ဆီသည် ကိုပါအမေရိက ပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် (၂၀၀၇၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၄) ပါဝင် ကစားခြင်းဖြစ်ပြီး စုစုပေါင်း ၃၅ ပွဲကစားခွင့်ရထားသည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ချီလီ အသင်းဂိုးသမားဟောင်း ဆာဂျီယိုလစ်ဗင်စတုန်း၏ ၃၄ ပွဲစံချိန် (၁၉၄၁၊ ၁၉၄၂၊ ၁၉၄၅၊ ၁၉၄၇၊ ၁၉၄၉၊ ၁၉၅၃) ကိုကျော်ဖြတ်၍ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

"ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒုတိယပိုင်းအစမှာ ဂိုးပေါက်ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကနေဒါက ကျွန်တော်တို့ရဲ့ ကစားပွဲကို ရှုပ်ထွေးအောင် လုပ်နိုင်ခဲ့သေးတယ်။ ပြိုင်ဘက်အများစုက ကျွန်တော်တို့နဲ့ ကစားပုံကွဲပြားကြတယ်။ ကျွန်တော်တို့ရဲ့ သော့ချက်ကတော့ စိတ်ရှည်သည်းခံပြီး ဘောလုံးကို တစ်ဖက်ကနေ တစ်ဖက်ဆီ ပေးပို့နေဖို့ ပါပဲ" ဟု မက်ဆီက ပြောကြားခဲ့သည်။

မက်ဆီသည် ကိုပါအမေရိကပြိုင်ပွဲတွင် ၁၃ ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးကစားသမားစာရင်း၌ ပူးတွဲအဆင့် ၇ နေရာရပ်တည်လျက်ရှိသလို ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင်မူ ၁၈ ကြိမ်ဖြင့် စံချိန်တင်ထားကြောင်း သိရသည်။

ပွဲအများဆုံး ကစားထားသူများ

အမည်        နိုင်ငံ        ပွဲ

မက်ဆီ        အာဂျင်တီးနား    ၃၅

လစ်ဗင်စတုန်း    ချီလီ        ၃၄

ဇီဇင်ညို        ဘရာဇီးလ်    ၃၃

အူဂါတီ        ဘိုလစ်ဗီးယား    ၃၀

Most Read

Most Recent