မက္ကဆီကိုတွင် မတ်လမှစတင်ပြီး အပူချိန်မြင့်တက်မှုကြောင့် လူ ၁၅၅ ဦး သေဆုံးခဲ့

မက္ကဆီကိုတွင် မတ်လမှစတင်ပြီး အပူချိန်မြင့်တက်မှုကြောင့် လူ ၁၅၅ ဦး သေဆုံးခဲ့
ဇွန် ၁၃ ရက်က မက္ကဆီကိုစီးတီးမြို့တော်တွင် အပူချိန်များမြင့်တက်နေချိန်အတွင်း ထီးဆောင်းပြီး လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
ဇွန် ၁၃ ရက်က မက္ကဆီကိုစီးတီးမြို့တော်တွင် အပူချိန်များမြင့်တက်နေချိန်အတွင်း ထီးဆောင်းပြီး လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
Published 21 June 2024

မက္ကဆီကိုနိုင်ငံတွင် မတ်လမှစတင်ပြီး  အပူချိန်မြင့်တက်မှုနှင့်ဆက်နွှယ်ပြီး သေဆုံး သူ ၁၅၅ ဦးရှိခဲ့ကာ ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်းမှာပင် သေဆုံးသူ ၃၀ ရှိခဲ့သည်ဟု  အစိုးရက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မတ်လလယ်ပိုင်းမှစတင်ပြီး အောက်တိုဘာလစတင်သည့်အချိန်အထိ ကြာမြင့်သည့် ယခုနှစ် ပူနွေးသည့် ရာသီတွင် အပူချိန်မြင့်တက်မှုနှင့်ဆက်နွှယ်သည့် ဖျားနာသူ ပေါင်း ၂၅၆၇ ဦးရှိခဲ့သည်ဟု ကျန်းမာရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

မေလအတွင်းက မက္ကဆီကို၏ ဒါဇင်နှင့်ချီသည့် မြို့များတွင် အပူချိန်သည် စံချိန်တင် မြင့်တက်ခဲ့ပြီး မေ ၂၅ ရက်က မက္ကဆီကို စီးတီးမြို့တွင် အပူချိန် ၃၄ ဒသမ ၇ ဒီဂရီဆဲလ် စီးယပ်စ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မက္ကဆီကိုတောင်ပိုင်းတွင် အပူချိန်များမြင့်တက်မှုကြောင့် ဒါ ဇင်နှင့်ချီသည့် မျောက်များသည် သစ်ပင်များပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

ယခုသီတင်းပတ်အတွင်း ဒေသအချို့တွင် အပူပိုင်းမုန်တိုင်း အယ်လ်ဘာတို တိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှုများရှိခဲ့သဖြင့် ရေကာတာအချို့သည် စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ကမ္ဘာ့မိုးလေဝသ တွက်ချက်ရေးအဖွဲ့၏ ဇွန် ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် လေ့လာချက်တွင် အမေရိကန်၊ မက္ကဆီကိုနှင့် ဗဟိုအမေရိကနိုင်ငံများတွင် မေလမှ ဇွန်လအတွင်း ပြင်းထန်သည့် အပူချိန်များသည် ကမ္ဘာကြီးပူနွေးမှုကြောင့် ဖြစ်နိုင်ခြေကို ၃၅ ဆအထိ ပိုမိုမြင့်တက်စေခဲ့သည်ဟု   ဖော်ပြခဲ့သည်။

မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံ၏နေရာဒေသအများစုတွင် အပူချိန်များ ဆက်လက်မြင့်တက်နေလိမ့်မည်ဟု သတိပေးချက်ထုတ်ပြန်ထားသည်။

“အပူနဲ့ဆက်နွှယ်တဲ့ သေဆုံးမှုအကြောင်းရင်းအလုံးစုံကို ကျွန်တော်တို့ သိဖို့မဖြစ်နိုင်ပါဘူး။ သူတို့ဟာ သေဆုံးပြီး လပိုင်းအကြာမှ အပူနဲ့ဆက်နွှယ်ပြီး သေဆုံးတယ်ဆိုတာကို အတည်ပြုခဲ့လို့ဖြစ်ပါတယ်”ဟု WWA က ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ရုပ်ကြွင်းလောင်စာများ ဆက်လက်အသုံးပြုနေပြီး လေထုအတွင်းသို့ ဖန်လုံအိမ်ဓာတ်ငွေ့များ စွန့်ထုတ်နေမှုကြောင့်  လူပေါင်းသန်းချီသည် အနာဂတ်တွင် အန္တရာယ်ရှိသည့် အပူချိန်များနှင့် ထိတွေ့ခံ စားရဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ကမ္ဘာ့မြောက်ခြမ်းဒေသ နွေရာသီမစတင်မီ ကမ္ဘာ့နိုင်ငံများသည် ပြင်းထန်သည့် အပူချိန်များနှင့် ကြုံတွေ့ခဲ့ရပြီး ယခုနှစ်၏ ပထမငါးလသည် စံချိန်တင် အပူဆုံးလများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဂရိနိုင်ငံတွင် အပူလှိုင်းများ ဆောလျင်စွာကျရောက်ခဲ့ပြီး အိန္ဒိယတွင်လည်း လနှင့်ချီကြာမြင့်သည့် အပူချိန်များမြင့်တက်ခဲ့ကာ အမေရိကန်သည် တောမီးလောင်ကျွမ်းမှုများ ချစ်ချစ်တောက်ပူပြင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဆော်ဒီအာရေဗျတွင် နှစ်စဉ် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အပူချိန်များမြင့်တက်မှုကြောင့် လူ ၉၀၀ ထက်မနည်းသေဆုံးခဲ့ကာ မက္ကာမြို့တွင် ဇွန် ၁၇ ရက်က အပူချိန် ၅၁ ဒဿမ ၈ ဒီဂရီဆဲလ်စီးယပ်စ် ရှိခဲ့သည်။

အမေရိကန်အနောက်တောင်ပိုင်း၊ မက္ကဆီကို၊ ဂွာတီမာလာ၊ ဘီလစ်ဇ်၊ အယ်ဆာဗေးဒိုးနှင့် ဟွန်ဒူးရပ်စ်နိုင်ငံများ တွင် မေလကုန်နှင့် ဇွန်လအစောပိုင်းတွင် အပူပြင်းဆုံး နေ့ရက်များ ငါးရက်ဆက်တိုက် ရှိခဲ့သည်ဟု WWA က ပြောကြားခဲ့သည်။ထို့ပြင် လူသားများအနေဖြင့် ရုပ်ကြွင်းလောင်စာများကို ဆက်လက်အသုံးပြုနေမည်ဆိုပါက ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေများသည် မဝေးတော့သည့် အနာဂတ်တွင် မကြာခဏ ပိုမိုဖြစ်  ပွားလာနိုင်သည်ဟုလည်း WWA က သတိပေးခဲ့သည်။                           

Ref:AFP

Most Read

Most Recent