ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်မှုများ ရပ်တန့်ကြရန် ALP ပါတီ မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်မှုများ ရပ်တန့်ကြရန် ALP ပါတီ မေတ္တာရပ်ခံ
Published 21 June 2024

ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲ ဖော်ဆောင်မှုများကို ရပ်တန့်ကြရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က မေတ္တာရပ်ခံကြောင်း ဇွန် ၂၀ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ကာလရှည်ကြာစွာဖြစ်ပွားနေသော စစ်ပွဲများကြောင့် ပြည်သူများအနေဖြင့် အိုးမဲ့အိမ်မဲ့ကာ ဒုက္ခရောက်လျက်ရှိကြောင်း၊ မြို့သိမ်းတိုက်ပွဲများ၏ ဒဏ်ကို အလူးအလဲ ခံစားနေကြသော ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များမှ ပြည်သူများမှာလည်း ယခုအထိ နေရပ်မပြန်နိုင်သေးကြောင်း၊ မိုးရာသီ၌ နေထိုင်စားသောက်စရာ မရှိသည့်အဖြစ်ကို နေ့စဉ်ကြုံတွေ့နေရကြောင်း၊ ထို့အတူ သံတွဲနှင့် တောင်ကုတ်တို့တွင်လည်း ပြည်သူအချို့ အခက်ကြုံနေရကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုထပ်မံ၍ မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်ကို ကြားသိရသဖြင့် ALP ပါတီအနေဖြင့် များစွာ စိတ်မချမ်းမသာဖြစ်ရကြောင်းနှင့် မောင်တောတွင် မူဆလင်များသာမက ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူ၊ ဒိုင်းနက်စသည့် လူမျိုးများလည်း ပါဝင်ပြီး ၎င်းတို့ဘေးကင်းရန် အရေးကြီးကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများ၏ဘဝကို စာနာထောက်ထားပြီး မြို့တွင်းတိုက်ပွဲဖော်ဆောင်ခြင်း မပြုရန် ပဋိပက္ခတွင် ပါဝင်နေသူအားလုံးကို မေတ္တာရပ်ခံကြောင်း ALP ပါတီက မေတ္တာရပ်ခံခဲ့သည်။

လက်ရှိတွင် AA အဖွဲ့က မောင်တောမြို့ကို တိုက်ခိုက်မည်ဟု ကြေညာထားပြီး ဒေသခံများအား ရှောင်တိမ်းကြရန် ဇွန် ၁၆ ရက်က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြား တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လူဦးရေ ၁၆၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေသည် ပြင်းထန်နေဆဲတိုက်ပွဲများကြောင့် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်

မြောက်ပိုင်းဒေသတို့တွင် လူဦးရေ ၁ ဒသမ ၆ သန်းခန့်သည် ဆေးရုံကျန်းမာရေးစောင့်ရှောက်ခွင့်မရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Most Read

Most Recent