အောင်ပန်းမြို့တွင် တောင်ကျချောင်းရေနှင့် မျောပါပြီး မိခင်နှင့်အတူ ခြောက်လအရွယ် ကလေးငယ် သေဆုံး

အောင်ပန်းမြို့တွင် တောင်ကျချောင်းရေနှင့် မျောပါပြီး မိခင်နှင့်အတူ ခြောက်လအရွယ် ကလေးငယ် သေဆုံး
Published 5 September 2024

အောင်ပန်းမြို့တွင် တောင်ကျချောင်းရေနှင့် မျောပါပြီး မိခင်နှင့် ခြောက်လအရွယ် ကလေးငယ် သေဆုံးခဲ့ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခန့်တွင် အောင်ပန်းမြို့အနီး ထီသိမ်ရွာတောင်ပိုင်းရှိ တောင်ကျချောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချောင်းကို ဖြတ်ကူးတဲ့အချိန်မှာ ကလေးရယ်၊ မိခင်ရယ်။ နောက်ထပ်နှစ်ယောက်ပါသေးတယ်။ ချောင်းဖြတ်တဲ့အချိန် ရေစီးကသန်တော့ ရေအရှိန်နဲ့ပါသွားတာ။ သူတို့က တောင်ယာကနေ အိမ်ကိုပြန်လာတာပါ။ ရေစီးနဲ့ ပါသွားတာက ကလေးရယ် မိခင်ရယ် နှစ်ယောက်ပေါ့။ ကလေးက တော်တော်လေးကို ငယ်သေးတယ်။ ခြောက်လအရွယ်ပဲရှိသေးတယ်” ဟု နာရေးကူညီမှုအသင်း(အောင်ပန်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အသင်းမှသွားရောက်ကူညီခဲ့ရာတွင် မိခင်၏ အလောင်းကို အခင်းဖြစ်သည့် နေရာနှင့် ပေ ၁၅၀ ခန့်အကွာတွင် ပြန်လည်တွေ့ရှိခဲ့သော်လည်း ကလေးငယ်၏ အလောင်းကို ရှာဖွေမတွေ့ရှိတော့ကြောင်း သိရသည်။

“မိခင်အလောင်းကိုတော့ ပေ ၁၅၀ အကွာမှာတွေ့တယ်။ ကလေးငယ်ရဲ့အလောင်းတော့ မတွေ့တော့ဘူး။ သဲဖုံးသွားပြီနဲ့တူတယ်” ဟု နာရေးကူညီမှုအသင်း(အောင်ပန်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို အောင်ပန်းမြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ နာရေးကူညီမှုအသင်း(အောင်ပန်း)က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent