■ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်း​ဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက  ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်

■ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်း​ဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက  ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်
Published 20 June 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်း​ဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက  ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်

ယာဉ်မောင်းဖြစ်သူ၏ ပြောကြားချက်၊  သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တို့နှင့် ကွဲလွဲနေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ သ လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှု နှင့်ပတ်သက်၍ ၎င်း​ဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသက  ဇွန် ၂၀ ရက်တွင် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ စျာပနအစည်းအဝေး၌ သံဃာတော်များနှင့် တွေ့ဆုံရာတွင်  ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ရှင်းလင်းပြောကြားသည့် ရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်တွင် ပျံံ့နှံ့လျက်ရှိသည်။

အဆိုပါ ရုပ်သံမှတ်တမ်းအရ ဆရာတော်ကြီးက ၎င်း၏အတွေ့အကြုံများအား ရှင်းလင်းမိန့်ကြားခဲ့မှုနှင့် ဇွန် ၁၉ ရက်က ဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ချက်၊ ယင်းထုတ်ပြန်မှုတွင်ပါဝင် သည့် ဆရာတော်ကြီး၏ မော်တော်ယာဉ်အား မောင်းနှင်ခဲ့သည့် ယာဉ်မောင်းဖြစ်သူ ဦးကျော်ဝင်းတို့၏ ပြောကြားချက်များ ကွဲလွဲလျက်ရှိသည်ကို တွေ့ရသည်။

ကြာမြင်ချိန် ၁၀ မိနစ်ခန့်ရှိ ရုပ်သံမှတ်တမ်းတွင် ကန်သုံးဆင့် ဆရာတော်ကြီးက " ဘုရားတပည့်တော်ရဲ့ ရွာနဲ့ ဘုရားဝိုင်းနဲ့ တစ်မိုင်လောက်အကွာမှာ Faw ကားနဲ့တွေ့ပါတယ်။ အဲ့ Faw ကားပေါ် ဘယ်သူတွေပါတယ် ဆိုတာ ဘုရားတပည့်တော်တို့ မသိပါဘူး။ တပည့်တော်တို့ ကားဆရာကလည်း Faw ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲ့ဒီလို အတင်းမောင်းတဲ့အခါ Faw ကားပေါ်က သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက် ရှစ်ချက်လောက် မှန်ပါတယ်။ အဲ့ဒီလို ပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း ဘာမှမသိပါ၊ သူ့ လည်း ဘာမှမသိ၊ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့် တော်ရဲ့ သင်္ဃန်းသည်သွေးတွေ အလိမ်းလိမ်းအကပ်ကပ် ဖြစ်နေပါတယ်။ အဲ့ဒီလို သွေးတွေနဲ့ ဘုရား တပည့်တော်က ကားထဲ ကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော်/နောင်တော်၊ ဒကာ/ဒကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော် ကတော့ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းသွားပါတယ် ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းမှာ ကားရဲ့မှန်စ ထိပါတယ် ဘုရား။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလားလို့ Faw ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်၊ စစ်သားတွေ၊ ရက်စက်လှချည်လားလို့။ အရှင်ဘုရားတို့ကဗျာတဲ့ ဘုန်းကြီးမှန်း မသိလို့ပါတဲ့။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားဖြစ်မှာကြောက်လို့ ပစ်ပါတယ် ဘုရားတဲ့" ဟု သံဃာတော်များနှင့်တွေ့ဆုံစဉ် မိန်ကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့​၏ ထုတ်ပြန်ချက်တွင် မြို့သာမြို့နှင့်ပန်းချီက မ္မရွာအကြားတွင် နယ်မြေလုံခြုံရေး ချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို စတင်မိုင်းဆွဲတိုက်ခိုက်ချိန်၌ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာအတွင်း မောင်းနှင်ဝင်ရောက်လာရာ PDFများ၏ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေးသိုး ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူက''ကျွန်တော်ကတော့ ယာဉ်မောင်း ကိုကျော်ဝင်းဖြစ်ပါတယ်။ ဒီနေ့ ဆရာတော်နှစ်ပါး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နှင့် ဘဒ္ဒန္တဂုဏိကာဘိဝံသ ရွာမှာဓမ္မာရုံကိစ္စ အကြောင်းအကျိုးလေး တွေရှိတဲ့အတွက်ကြောင့် ကျွန်တော်နဲ့အတူ ဆရာတော်နှစ်ပါးကြွလာပါတယ်။ ကမ္မရွာအထွက်မှာ PDF အကြမ်းဖက်သမားက သေနတ်နဲ့ ခုနစ်ချက်ပစ်တဲ့အတွက်ကြောင့် ဆရာတော် ဦးမုနိန္ဒာဘိဝံသ ပျံလွန်တော်မူပြီး ဦးဂုဏိကာဘိဝံသနဲ့ကျွန်တော်ကတော့ လက်အကြီးအကျယ်ဒဏ်ရာရပြီး တပ်မတော်က ကုသဆောင်ရွက် ပေးနေပါတယ်''ဟု ပြောကြားခဲ့သည်။

မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန (ငြိမ်း)သည် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိ ပျံလွန်တော်မူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံ မဟန (ငြိမ်း)သည်  မှန်ကွဲရှဒဏ်ရာရရှိခဲ့ကာ ယာဉ်မောင်းသည် ဝဲဘက်တွင် လက်နက်ငယ်ထိမှန်ဒဏ် ရရှိခဲ့ကြောင်း နစက က ထုတ်ပြန်ခဲ့သည်။

ကန်သုံးဆင့်ဆရာတော်ကြီးက " အဲဒီတော့ ဝင်းနိမ္မိတာရုံ ဆရာတော်က ကားထဲမှာ၊ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားမကပ်ပါနဲ့တော့တဲ့။ ဆရာတော် ဝေးဝေးနေပါတော့တဲ့။ ကားဆရာကလည်းပဲ လက်တွေ ထိပါတယ်။ လက်သုံးချောင်းလည်း ပြတ်သွားပါတယ်၊ ကားဆရာက။ ဘုန်းကြီးကတော့ မှန်စလေးပဲ မှန်တာပါ။ အရှင်ဘုရား ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဘုန်းကြီးတွေမှန်း သိပါတယ်။ ဘယ်မှလည်း ဖုန်းလည်း မဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်း မဘုန်းပေးရပါဘူး။ အဲ့ဒီမှာ နှစ်နာရီလောက်ကြာပြီးမှ ငါတို့ ဒီအတိုင်းနေလို့တော့ မ​ဖြစ်ဘူး။ ပျံတော်မူတဲ့ ပုဂ္ဂိုလ်ကတော့ ပျံတော်မူသွားပြီ။ ဘုန်ကြီးက အသက်ရှိနေသေးတယ်။ ဘုန်ကြီးရဲ့ခေါင်းမှာ ကုရဦးမှာ ရွာကိုပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့ မပြုပါဘူး။ နောက်ကျမှ အရှင်ဘုရား ပြန်ကြွပါဘုရား၊ အရှင်ဘုရားရဲ့ ဖုန်းလေးတော့ ထားခဲ့ပါဘုရား၊ အဲ့လိုပါပဲ" ဟု သံဃာတော်များနှင့်တွေ့ဆုံစဉ် မိန့်ကြားခဲ့သည်။

ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်တော်နှင့် ဒဏ်ရာရရှိခဲ့သည် ဆရာတော်၊ ယာဉ်မောင်းတို့အား မန္တလေးမြို့ တံတားဦး ပြည်သူ့ဆေးရုံမှတစ်ဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက ထုတ်ပြန်သည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံနှင့် ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တို့သည် မန္တလေးသို့ အစည်းအဝေး တက်ရန်အတွက် ဇွန် ၁၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ပြည်တွင်းလေကြောင်းလိုင်းဖြင့် ကြွရောက်လာခြင်းဖြစ်ပြီး ခရီးစဉ်တွင် ယောဆရာတော်ကြီးလည်း ပါဝင်ခဲ့ကြောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၈ နာရီ ၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း ကန်သုံးဆင့် ဆရာတော်ကြီး၏ မိန့်ကြားချက်အရသိရသည်။

လေဆိပ်မှ တံတားဦးမြို့ထဲသို့ ဆွမ်းဘုန်းပေးရန် မော်တော်ယာဉ်ဖြင့် ကြွလာစဉ် ကန်သုံးဆင့် ဆရာတော်ကြီး၏ ဇာတိဖြစ်သော ကမ္မကျေးရွာသို့ ကြွရောက်ခဲ့ကြောင်း၊ မော်တော်ယာဉ်ပေါ်တွင် ဆရာတော်နှစ်ပါးသည် နောက်ခန်းမှ လိုက်ပါလာခဲ့ပြီး ဝင်းနိမ္မိတာရုံဆရာတော်ကြီးသည် ဘယ်ဘက်မှ စီးနင်းလိုက်ပါ၍ ကန်သုံးဆင့်ဆရာတော်ကြီးသည် ယာဉ်မောင်း၏အနောက်ဘက် ညာဘက်မှ လိုက်ခဲ့ကြောင်းနှင့် အသွားတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ တံတားဦးသို့ ပြန်အကြွတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကန်သုံးဆင့်ဆရာတော်ကြီးက မိန့်ကြားသည်။

ကန်သုံးဆင့်ဆရာတော်ကြီး၏ ရှင်းလင်းချက်ထွက်ပေါ်လာပြီးနောက် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာပြန်လည်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ထုတ်ပြန်လာပါက ထပ်မံဖော်ပြပေးမည်ဖြစ်ပါသည်။

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်။

Most Read

Most Recent