စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်(၁)အား ဓားပြတိုက်မှုဖြစ်စဉ်မှ ပါဝင်သူအမျိုးသားတစ်ဦးကို ကျပ်သိန်း ၃၀၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်(၁)အား ဓားပြတိုက်မှုဖြစ်စဉ်မှ ပါဝင်သူအမျိုးသားတစ်ဦးကို ကျပ်သိန်း ၃၀၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ
Published 20 June 2024

စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ်(၁)အား ဓားပြတိုက်မှုဖြစ်စဉ်မှ ပါဝင်သူအမျိုးသားတစ်ဦးကို ကျပ်သိန်း ၃၀၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အမျိုးသား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့် တရားခံများ ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ကမ္ဘောဇဘဏ်(၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အမျိုးသားတစ်ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓါးပြတိုက်ယူဆောင်ထားသည့် ကျပ်သိန်း ၃၀၃၁ သိန်း၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို တစ်လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) တစ်လုံး၊ ဆိုင်ကယ်နှစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ဘဏ်အား ဝင်ရောက်လုယက်ဓါးပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသူမှာ ၎င်းအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရှိရသည်ဟု ပါရှိသည်။

အဆိုဖြစ်စဉ်တွင် လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက် နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent