ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများကို လာမည့်ဒီဇင်ဘာ၌ အတည်ပြုမည်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများကို လာမည့်ဒီဇင်ဘာ၌ အတည်ပြုမည်
Photo: AFF
Photo: AFF
Published 17 June 2024

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းများကို လာမည့်ဒီဇင်ဘာ၌ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ကောင်စီ(The Southeast Asian Sports Federation Council) သည်  ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီး ဂိမ်းစ်ပြိုင်ပွဲ ကျင်းပနိုင်ရေး ပထမအကြိမ်အစည်းအဝေးကို ပြီးခဲ့သည့်ဇွန်(၁၄၊ ၁၅) ရက်များက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ  ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့်အားကစားနည်းများကို အကြိုသဘောတူညီမှုရယူခဲ့ကြပြီး အပြီးသတ်အားကစားနည်းများကို လာမည့်ဒီဇင်ဘာ၌ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

အကြိုသဘောတူညီမှုအရ ၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့်အားကစားနည်းများကို အုပ်စု(၃) ခု ခွဲခြားခဲ့ကြောင်း သိရသည်။

အုပ်စု(၁) တွင်  နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ မဖြစ်မနေထည့်သွင်းယှဉ်ပြိုင်ရမည့်အားကစားနည်းများဖြစ်သည့်ပြေးခုန်ပစ်နှင့် ရေးကူးအားကစားနည်းများ၊ အုပ်စု(၂) တွင်  အိုလံပစ်ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများ၌ ထည့်သွင်းကျင်းပနေသည့် အားကစားနည်းများ၊ အုပ်စု(၃) တွင် ရွှေတံဆိပ်(၈) ခုအတွက် အားကစားနည်း(၄) မျိုးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းအုပ်စု(၃) ခုအတွင်း အကျုံးဝင်သော လျာထားသည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ ဒိုင်ဗင်၊ ၀ါတာပိုလို၊ စည်းချက်ညီရေကူး၊ မာရသွန်ရေကူး၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ကနူးကယက်။ လှေလှော်၊ စက်ဘီး၊ ဓားရေး၊ ဘောလုံး၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဟန်းဘော၊ ဟော်ကီ၊ ရေခဲပြင်ဟော်ကီ၊ ဂျူဒို၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပမ်း၊ ရေခဲပြင်စကိတ်၊ Modern Pentathlon၊ ဘေ့စ်ဘော၊ ဆော့ဖ်ဘော၊ လက်ဝှေ့၊ မြင်းစီး၊ ပိုလို၊ ရွက်လှေ၊ ဖူဆယ်၊ မွေထိုင်း၊ ပန်ကြပ်စီလက်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်/စနူကာ၊ E-Sports၊ ကစ်ဘောက်ဆင်၊ Floor Ball၊ Teqball၊ Netball တို့ဖြစ်ကြောင်း သိရသည်။

၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချောင်ဘူရီနှင့် ဆောင်ခလာမြို့(၃) မြို့တွင် လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို (၇) ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ၁၉၅၉၊ ၁၉၆၇၊ ၁၉၇၅။ ၁၉၈၅၊ ၁၉၉၅၊ ၂၀၀၇ ခုနှစ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပထားခဲ့သည်။

ထိုင်းနိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို (၁၈) နှစ်ကြာမှ အိမ်ရှင်အဖြစ် တစ်ကျော့ပြန် ကျင်းပခွင့်ရခြင်းဖြစ်သည်။ 

 

Most Read

Most Recent