ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူ ဘဏ်မန်နေဂျာတစ်ဦးကို အုပ်စုဖွဲ့ ပြောဆိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပျံ့နှံ့နေမှုအပေါ် ၎င်းတို့ဘဏ်အနေဖြင့် ခွဲခြားဆက်ဆံမှုများမရှိဟု တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (FDB) ရှင်းလင်း

ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူ ဘဏ်မန်နေဂျာတစ်ဦးကို အုပ်စုဖွဲ့ ပြောဆိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပျံ့နှံ့နေမှုအပေါ် ၎င်းတို့ဘဏ်အနေဖြင့် ခွဲခြားဆက်ဆံမှုများမရှိဟု တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (FDB) ရှင်းလင်း
Published 17 June 2024

ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူ ဘဏ်မန်နေဂျာတစ်ဦးကို အုပ်စုဖွဲ့ ပြောဆိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပျံ့နှံ့နေမှုအပေါ် ၎င်းတို့ဘဏ်အနေဖြင့် ခွဲခြားဆက်ဆံမှုများမရှိဟု တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (FDB) က ဇွန် ၁၆ ရက်တွင် အသိပေးရှင်းလင်းချက်ထုတ်ပြန်သည်။

တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူက FDB ဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခြားဝန်ထမ်းများက Social punishment ပြုလုပ်ခြင်းကြောင့် FDB Bank မှ ဝန်ထမ်းအဖြစ်မှ ၂၀၂၄ ခုနှစ် မေ ၁၅ ရက်တွင် နှုတ်ထွက်ခဲ့ရမှုအပေါ် တိုင်ကြားချက်ခေါင်းစဉ်ဖြင့် ဖော်ပြချက်အား တပ်မတော်နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့လျက်ရှိသည်။

အဆိုပါဘဏ်ဝန်ထမ်းဟောင်းက ၎င်း၏ အမျိုးသားမှာ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်မှူးတစ်ဦးဖြစ်ကြောင်း၊ FDB Bank ချေးငွေဌာနသို့ ၂၀၂ဝ ပြည့်နှစ် ဇွန် ၁ ရက်တွင် မန်နေဂျာရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးပဋိပက္ခကာလအတွင်း နည်းလမ်းပေါင်းစုံဖြင့် လုပ်ငန်းဌာနတွင်း ပြောဆိုတိုက်ခိုက်မှုများအကြား ကြိုးစားစွာခက်ခဲကျော်ဖြတ်ခဲ့ရကြောင်း၊ လုပ်ငန်းဌာနအတွင်း Group Chart များတွင် တပ်မ‌တော်အပါအဝင် တပ်မတော်မိသားစုဝင်များအား နစ်နာစေသော စကားလုံးများဖြင့် နေ့စဉ်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြင်ပတွင်လည်း အုပ်စုဖွဲ့ကာပြောဆိုခြင်းများအား နေ့စဉ်ရက်ဆက်ဖြစ်လာခြင်းကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန်ကိုပင် ကြောက်လန့်လာသည်အထိ စိတ်ကျ ရောဂါခံစားခဲ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်မှု ပြုလုပ်ပြီးသည့်နောက်ပိုင်းတွင် ဌာနအတွင်း ပိုမိုဆိုးရွားလာကာ တပ်မတော်နှင့်ပတ်သတ်သော မိသားစုများအား ပတ်သတ်လိုခြင်းမရှိခြင်း စသည့်ပြောဆိုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုကဲ့သို့မပြောဆိုရန် ပြောကြားရာတွင် မိမိအောက်မှ ဝန်ထမ်းများကပါ ပြောဆိုဆက်ဆံခြင်းမပြုတော့သည့်အပြင် တစ်နေ့ထပ်တစ်နေ့ ပိုမိုဆိုးရွားသောကြောင့် ၂၀၂၄ ခုနှစ် မေ ၁၅ ရက်တွင် နှုတ်ထွက်စာတင်ခဲ့ရကြောင်း၊ နှုတ်ထွက်စာ၌ အကျိုးအကြောင်းပြည့်စုံစွာ တင်ပြခဲ့ပါသော်လည်း သက်ဆိုင်ရာဌာနအသီးသီးတို့သည် မေးမြန်းဖြေရှင်းပေးခြင်းမရှိပါသဖြင့် မကျေနပ်လျှင် ကိုယ့်ဖာသာထွက်ဟု ပြောခဲ့ပြီး တပ်မတော်သားမိသားစုဝင်အား အလိုမရှိသည့်ပုံစံမှာ ပိုမိုပေါ်လွင်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသဖြင့် FDB Bank မှ တာဝန်ရှိသူများအား လိုအပ်သလိုအရေးယူမှုပြုလုပ်နိုင်ရန် အသနားခံတိုင်ကြားအပ်ကြောင်း ရေးသားသည်ကိုတွေ့ရသည်။

FDB ဘဏ်၏ ရှင်းလင်းချက်တွင် မိမိတို့ FDB Bank သည် ဝန်ထမ်းများ၏ မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များအပေါ်တွင် ကန့်သတ်မှုမထားဘဲ အရည်အချင်းပြည့်ဝသူများကို သာတူညီမျှစွာ စိစစ်ရွေးချယ်ခန့်အပ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကို အကဲဖြတ်ခြင်းနှင့် ဝန်ထမ်းတိုင်းအတွက် ထိုက်သင့်သည့် အခွင့်အရေးများ ပြည့်ဝစွာပေးအပ်ခြင်းတို့ကို မိမိတို့ဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းမူဝါဒများနှင့်အညီ ပွင့်လင်းမြင်သာစွာ အထူးဂရုပြု၍ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဝန်ထမ်းများအားလုံးသည် အလုပ်စတင် ဝင်ရောက်စဉ်ကပင် မိမိတို့ဘဏ်က ထုတ်ပြန်ထားသည့် ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် လုပ်ငန်းခွင်အတွင်း ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များနှင့် ပါတီနိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း၊ ဆောင်ရွက်ခြင်းမပြုကြရန် ဝန်ထမ်းတိုင်းမှ သိရှိသဘောတူကြောင်း ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ယခုလတ်တလောလူမှုကွန်ရက်ပေါ်၌ ရေးသားချက်များသည် လုပ်ငန်းခွင်နှင့် မသက်ဆိုင်ဘဲ ဝန်ထမ်းတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးရာ ခံစားချက်သာဖြစ်ပြီး မိမိတို့ဘဏ်အနေဖြင့် အဆိုပါဝန်ထမ်းအပေါ်တွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်း လုံးဝ(လုံးဝ) မရှိကြောင်း FDB ဘဏ်က ထုတ်ပြန်သည်။

အဆိုပါဝန်ထမ်းသည် ၂၀၂၀ ပြည့်နှစ် ဇွန် ၆ ရက်တွင် FDB Bank ချေးငွေဌာနတွင် မန်နေဂျာရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်တွင် လစာတိုးမြှင့် ခံစားခွင့်ရရှိခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သက်ဆိုင်ရာဌာနမှူး၏ တစ်ဆင့်ရာထူးတိုးပေးရန် ထောက်ခံတင်ပြပါသည်ဆိုသည့် မှတ်ချက်ဖြင့် မန်နေဂျာရာထူးမှ အကြီးတန်းမန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းနှင့် လစာတိုးမြှင့် ခံစားခွင့်ရရှိခြင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် လစာတိုးမြှင့် ခံစားခွင့်ရရှိခြင်းတို့ကြောင့် ဝန်ထမ်းကာလ သုံးနှစ်ကျော်အတွင်း စုစုပေါင်း လစာတိုးမြှင့်ခြင်း သုံးကြိမ်နှင့် ရာထူးတိုးမြှင့်ခြင်း တစ်ကြိမ်တို့ကို အခြားဝန်ထမ်းများနည်းတူ သာတူညီမျှရှိစွာ ဝန်ထမ်းအကျိုးခံစားခွင့်များကို ရရှိခဲ့ကြောင်း၊ ထို့အပြင် ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် ဝန်ထမ်းချေးငွေကို ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် အဆိုပါဝန်ထမ်းမှ ဘဏ်၏ ဝန်ထမ်းချေးငွေဆိုင်ရာ ချေးငွေနှစ်ရပ်ကို တစ်ချိန်တည်းတွင် ရယူခွင့်မရှိခြင်း စည်းမျဉ်းစည်းကမ်းများအရ အပြေအကျေပေးချေခဲ့သည့်အတွက် ဝန်ထမ်းအိမ်ရာချေးငွေကို ချေးငွေသက်တမ်း ၁၅ နှစ်ဖြင့် ယင်းနေ့၌ပင် ထပ်မံ၍ ပေးအပ်ခဲ့ပါကြောင်းလည်း FDB Bank က ရှင်းလင်းထားသည်။

ယင်းအပြင် လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေခဲ့သည့် Group Chat ပါ ရေးသားချက်များသည် ဘဏ်လုပ်ငန်းအတွက် အသုံးပြုသည့် Working Communication Channel များတွင် ရေးသားပြောဆိုထားခြင်းမဟုတ်ဘဲ ဌာနငယ်အတွင်းရှိ လုပ်ဖော်ကိုင်ဖက် လူနည်းစုခြောက်ဦးက ဘဏ်လုပ်ငန်းနှင့် မသက်ဆိုင်သည့် ၎င်းတို့မှ သီးခြားအသုံးပြုသော Personal Group Chat တွင် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတို့တွင် ရေးသားပြောဆိုခဲ့မှုများဖြစ်ကြောင်း၊ အဆိုပါ Personal Group Chat တွင် အဓိကပါဝင်ရေးသားခဲ့ကြသည့် ဝန်ထမ်းများသည်လည်း ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သွားခဲ့သည်မှာ နှစ်ကာလတိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ၎င်း Group Chat ကို အသုံးပြုခြင်း မရှိတော့သည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ယခုဖြစ်စဉ်အား စိစစ်ရာတွင် သိရှိရကြောင်း၊ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီမှ တစ်သီးပုဂ္ဂလလွတ်လပ်စွာ ခံယူထားသည့် မတူကွဲပြားသည့် ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များနှင့် ခံယူချက်များသည် သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကိုသာ ကိုယ်စားပြုကြောင်း FDB ဘဏ်က ထုတ်ပြန်သည်။

FDB Bank ရှိ ဝန်ထမ်းမိသားစုဝင်များ အားလုံးသည် လုပ်ငန်းခွင်အတွင်း ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး ခွဲခြားဆက်ဆံမှုများရှိပါက ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် FDB Bank သည် လူမျိုး၊ ဘာသာမခွဲခြားဘဲ သာတူညီမျှရှိစွာဖြင့် အများပြည်သူကို အကျိုးပြုစေမည့် ဘဏ်တစ်ဘဏ်ဖြစ်စေရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တို့နှင့်အညီ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း FDB Bank Management Team က ရှင်းလင်းခဲ့သည်။

FDB ဘဏ်၏ရှင်းလင်းအပေါ် အဆိုပါဘဏ်ဝန်ထမ်းဟောင်းက ပြန်လည်မေးခွန်းထုတ်ထားချက်ကို တယ်လီဂရမ်ချန်နယ်အချို့တွင် ထပ်မံဖော်ပြထားရာ၌ ဘဏ်၏ စံနှုန်းများအား အမှန်တကယ်ဆောင်ရွက်ခြင်းရှိမရှိအား ယခုလိုဖော်ပြခြင်းထက် တစ်ဦးတစ်ယောက်ခြင်းစီအား ပွင့်လင်းမြင်သာစွာ မေးမြန်းပြီးမှသာ ရှင်းလင်းသင့်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ဘဏ်လုပ်ငန်းနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များနှင့် ပါတီနိုင်ငံရေးကို မပြုလုပ်ကြရန် ဝန်ခံကတိပြုရေးခိုင်းခဲ့သော်လည်း ပြောဆိုပါကြောင်းနှင့် တိုင်ကြားပါသော်လည်း ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ ပုဂ္ဂိုလ်ရေးခံစားချက်မဟုတ်ဘဲ ဌာနတွင်း၌ အမြဲတစေပြောဆိုခြင်းများအပြင် လုပ်ငန်းများကိုပါ ထိခိုက်လာအောင် ဆောင်ရွက်ခဲ့ပါသည်ဟု ထွက်စာတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ အကျိုးခံစားခွင့်သည်လည်း မိမိကြိုးစားမှု‌ကြောင့် မဖြစ်မနေရရှိရမည့် ခံစားခွင့်သာဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက် လူနည်းစုခြောက်ဦးသာရှိသော Group chat မဟုတ်ဘဲ အားလုံးနှင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အဓိကပါဝင်ရေးသားထားသော ဝန်ထမ်းများသည်လည်း နှုတ်ထွက်သွားသည်မှာ လုံးဝမဟုတ်ဘဲ ဒေါ်.... နှင့် ဒေါ်.... နှစ်ဦးသာဖြစ်ပြီး ကျန်သူများအားလုံး ယနေ့ထိ လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်း Group chat မှာလည်း အသုံးပြုခြင်းမရှိသည်မှာကြာမြင့်သည်မဟုတ်ဘဲ ဇွန် ၁၁ ရက်အထိ အသုံးပြုနေကြောင်း၊ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီမှ တစ်သီးပုဂ္ဂလ မတူကွဲပြားသည့်ခံယူချက်ကို ကာယကံရှင်ကိုယ်တိုင် ခံယူထားသော်လည်း လုပ်ငန်းထိခိုက်သည်အထိ ဆောင်ရွက်ပြောဆိုလာသောကြောင့် လိုက်နာရမည့်စည်းကမ်းများအတိုင်း မလိုက်နာသဖြင့် နှုတ်ထွက်ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအား တိုင်ကြားပါသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်မရှိခဲ့ကြောင်း၊ ခွဲခြားဆက်ဆံမှုများရှိပါက စည်းကမ်းအတိုင်း ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထား၍ တိုင်ကြားခဲ့ပါသော်လည်း မည်သည့်အရေးယူဆောင်ရွက်ခြင်းမျိုးမှ မရှိခဲ့ကြောင်း စသည်ဖြင့် ရေးသားထားသည်။

FDB ဘဏ်သည် ဦးစိုင်းမျိုးဝင်းပိုင်ဆိုင်သည့် Excellent Fortune Developmnet Group (EFD Group) လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်သည်။

ဦးစိုင်းမျိုးဝင်း၏ EFD Group သည် ၂၀၁၈ ခုနှစ်က ပြုလုပ်သည့် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းရန်ပုံငွေပွဲတွင် လေလံပစ္စည်းများရောင်းချရာတွင် နော်ဝေနိုင်ငံမှ နာမည်ကျော်ပန်းပုပညာရှင် Ms.Merete Sejersted Bodtker ထုဆစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကြေးရုပ်တုကို အမေရိကန်ဒေါ်လာ ၈၉၅၀၀ စျေးအများဆုံး ပေးဝယ်၍ ဝယ်ယူခဲ့သူဖြစ်သည်။

ယခင်က MYANMAR FORCE GROUP ဟုခေါ်တွင်သည့် Excellent fortune Development Group သည် မြန်မာနိုင်ငံတွင် အင်အားကြီးမားတောင့်တင်းပြီး နာမည်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းစုဖြစ်ကာ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း၊ အိမ်ခြံမြေရောင်းဝယ်ခြင်းနှင့် ဆောက်လုပ်ခြင်း၊ ပြည်တွင်း၌ လမ်းတံတားတည်ဆောက်ခြင်း၊ ကျွန်းသစ်စိုက်ပျိုးထုတ်လုပ်ခြင်း စသည့် ပြည်တွင်းစီးပွားရေး အခြေပြုလုပ်ငန်းများနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ဘိလပ်မြေစက်ရုံ တည်ထောင်ခြင်း၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ထောင်ခြင်း၊ အာမခံကုမ္ပဏီတည်ထောင်၍ အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းများဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

Most Read

Most Recent