ကမ္ဘာထွက်လာပုံကို ရိုက်ကူးခဲသည့် အာကာသယာဉ်မှူး ဝီလျှံအန်ဒါ လေယာဉ်ငယ်ပျက်ကျရာတွင် ကွယ်လွန်

ကမ္ဘာထွက်လာပုံကို ရိုက်ကူးခဲသည့် အာကာသယာဉ်မှူး ဝီလျှံအန်ဒါ လေယာဉ်ငယ်ပျက်ကျရာတွင် ကွယ်လွန်
ဝီလျှံအန်ဒါနှင့်၎င်းင်းရိုက်ကူးခဲ့သည့်ကမ္ဘာထွက်လာပုံ သမိုင်းဝင်ဓာတ်ပုံကို တွေ့ရစဉ်(Photo: AFP)
ဝီလျှံအန်ဒါနှင့်၎င်းင်းရိုက်ကူးခဲ့သည့်ကမ္ဘာထွက်လာပုံ သမိုင်းဝင်ဓာတ်ပုံကို တွေ့ရစဉ်(Photo: AFP)
Published 10 June 2024

ကမ္ဘာထွက်လာသည့် သမိုင်းဝင်ဓာတ်ပုံကို လွန်ခဲ့သော ၅၅ နှစ်တွင် အာကာသမှ ရိုက်ကူးခဲ့သော ဝီလျှံအန်ဒါသည် လေယာဉ်ပျက်ကျသဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏မိသားစုက ပြောကြားခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သော ဝီလျှံအန်ဒါသည် ဇွန် ၇ ရက်က ၀ါရှင်တန်ပြည်နယ်၏ကမ်းရိုးတန်းအလွန်တွင် ပျက်ကျသွားခဲ့သော လေယာဉ်ငယ်ကို မောင်းနှင်သွားသူဖြစ်သည်ဟု ၎င်း၏သားက အမေရိကန်မီဒီယာကို ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ပေါ်တွင် အန်ဒါတစ်ဦးတည်းပါသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ရေငုပ်အဖွဲ့က ၎င်း၏ အလောင်းကို ပြန်လည်ဆယ်ယူခဲ့သည်ဟု  ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ၏ပြောစကားကို ကိုးကားပြီး ဆီယက်တယ်လ် တိုင်း(မ်)သတင်းစာက သတင်းဖော်ပြခဲ့ သည်။

၁၉၆၈ ခုနှစ် ဒီဇင်ဘာတွင် အပိုလို(၈)မစ်ရှင်အဖွဲ့ဝင်ဖြစ်သော အန်ဒါသည် တစ်နိုင်ငံတည်းသား အမေရိကန်များဖြစ်သော ဖရန့်ဘော်မန်း၊ဂျိမ်းလိုဗယ်တို့နှင့်အတူ  လကိုပတ်သည် ပထမဆုံးလူသားများထဲကတစ်ဦး ဖြစ်လာခဲ့သည်။

အပိုလို(၈) အဖွဲ့သားများသည် ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘာသို့ အောင်မြင်စွာပြန်မလာမီ လပေါ်ကိုမဆင်းဘဲလကို ၁၀ ကြိမ်ပတ်ခဲ့သည်။

လကိုပတ်နေသည့် တစ်ကြိမ်တွင် အန်ဒါသည် အနီးဆုံးမြင်ကွင်း၌ လ၏ချိုင့်နေ သောမျက်နှာပြင်နှင့်အတူ မည်းနက်နေသော  အာကာသနောက်ခံဖြင့် အပြာတောက်တောက်ကမ္ဘာ၏ပုံကို ရိုက်ယူခဲ့သည်။

“ကျွန်တော်တို့က နောက်ပြန်ကြီးသွားနေကြတာပါ။ စောက်ထိုးမိုးမျှော်ကြီးဖြစ်နေတာပါ။ ကမ္ဘာကိုရော နေကိုရော တကယ်မမြင်ရပါဘူး။ လကိုတစ်ကျော့ပြန်ပတ်တဲ့ အခါမှာတော့ ကျွန်တော်တို့ ပုံမှန်အတိုင်း ဖြစ်သွားခဲ့ပြီး ကမ္ဘာထွက်လာပုံကို ပထမဆုံးမြင်ရတာပါ”ဟု ၁၉၉၇ နာဆာ၏နှုတ်ပြောသမိုင်းအင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။

“အဲဒါဟာ အခုချိန်ထိ အထင်ကြီးစရာ အကောင်းဆုံးအရာပဲဆိုတာ သေချာပါတယ်။  အလွန်လှပပြီး အရောင်အသွေးစုံတဲ့အလုံးကြီးကို မြင်ရတာဟာ ရုပ်ဆိုးလှတဲ့လရဲ့မြေမျက်နှာပြင်ပေါ်ကို အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ရောက်လာတာနဲ့တူနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကမ္ဘာထွက်လာပုံ”ဓာတ်ပုံသည် အရေးပါသော သမိုင်းဆိုင်ရာပုံများထဲတွင် မကြာမကြာ ဖော်ပြခံရသောပုံဖြစ်ပြီး Life မဂ္ဂဇင်း၏ကမ္ဘာကို ပြောင်းလဲစေခဲ့သော ဓာတ်ပုံ ၁၀၀ စာအုပ်တွင် ပါဝင်ခဲ့သောပုံဖြစ်သည်။

မူရင်းဓာတ်ပုံကို ၂၀၂၂ ခုနှစ်တွင် ကိုပင် ဟေဂင်လေလံပွဲ၌ ယူရို ၁၁,၈၀၀ ဖြင့်ရောင်းချခဲ့သည်။

“၁၉၆၈ အပိုလို ၈ မစ်ရှင်မှာတုန်းက ဝီလျှံအန်ဒါဟာ လူသားတွေကို အာကာသယာဉ်မှူးတစ်ဦးက ပေးနိုင်တဲ့ အလေးနက်ဆုံး လက်ဆောင်တစ်ခုကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်”ဟု နာဆာအကြီးအကဲဘီလ်နဲလ်ဆင် က ဆိုရှယ်မီဒီယာ X တွင် ရေးသားခဲ့သည်။

၁၉၃၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ဟောင်ကောင်၌ မွေးခဲ့သော အန်ဒါသည်  အမေရိကန် ရေတပ် အကယ်ဒမီမှ ဘွဲ့ရခဲ့သည်။ နောက်ပိုင်းတွင် ၎င်းသည် နျူကလီးယားအင်ဂျင်နီယာပညာရပ်တွင် မဟာဘွဲ့ကို ရရှိခဲ့သည်။

အန်ဒါသည် အာကာသယာဉ်မှူးအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် နည်းပညာဆိုင်ရာ အစိုးရရာထူးများကို ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် အန်ဒါသည် နျူကလီးယား စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ၎င်းသည်  နော်ဝေနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ်ထမ်းဆောင်ခဲ့သည်။

Forbes မဂ္ဂဇင်းနှင့် ၂၀၁၅ အင်တာဗျူးတွင် အန်ဒါက ၎င်း၏ကမ္ဘာထွက်ပေါ်လာပုံ ဓာတ်ပုံသည် ကမ္ဘာ၏လှပ၊နုနယ်မှုတို့ကြောင့် အများ၏စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှာမှုများစတင်ရန် အကူအညီပေးခဲ့သည်ဟုဆိုခဲ့သည်။       

Ref: AFP       

Most Read

Most Recent