လက်ရှိပေါ်တူဂီအသင်းမှာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်ပြီး ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဟု မော်ရင်ဟို ခန့်မှန်း

လက်ရှိပေါ်တူဂီအသင်းမှာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်ပြီး ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဟု မော်ရင်ဟို ခန့်မှန်း
Photo: UEFA
Photo: UEFA
Published 8 June 2024

 

တူရကီကလပ် ဖီနာဘာချီအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက ကစားသမားကောင်းများစွာဖြင့် ဖွဲ့စည်းထားသည့် လက်ရှိ ပေါ်တူဂီအသင်းမှာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်ပြီး ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ 

ယူရို -၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ဘွတ်ကီဒိုင်များ၏ အလေးပေးချက်အရ ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် အင်္ဂလန်အသင်းက ထိပ်ဆုံးက ရပ်တည်လျက်ရှိသည်။ အင်္ဂလန်အသင်း၏နောက်တွင် ပြင်သစ်နှင့် အိမ်ရှင် ဂျာမနီအသင်းတို့ ရှိနေပြီး ပေါ်တူဂီမှာမူ အဆင့်လေး နေရာတွင်သာ ရှိနေသည်။ သို့သော် မော်ရင်ဟိုက လက်ရှိပေါ်တူဂီအသင်းမှာ ကစားသမားကောင်းများ ပါဝင်နေပြီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်သဖြင့် ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဟု ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုက "ကျွန်တော့်အနေနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အရင်မျိုးဆက်တွေကို မလေးစားလို့ ဒီစကားမျိုး ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကစားသမားအင်အားတောင့်တင့်မှုနဲ့ အရည်အချင်းအရ ပြောရမယ်ဆိုရင် လက်ရှိ ပေါ်တူဂီအသင်းက ကျွန်တော်မြင်ဖူးသမျှထဲမှာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ယူရို -၂၀၂၄ ပြိုင်ပွဲမှာ ကျွန်တော်တို့ ပေါ်တူဂီအသင်း ဗိုလ်စွဲမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မော်ရင်ဟိုက ပေါ်တူဂီအသင်း အနေဖြင့် ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည် ဟု ယုံကြည်ထားရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။ "ယူရို -၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ပေါ်တူဂီအသင်းရဲ့ အဓိကလိုအပ်ချက်က ယုံကြည်မှုပါပဲ။ ပေါ်တူဂီအနေနဲ့ ငါတို့ ဘယ်အသင်းကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှုမျိုး ရှိဖို့ လိုပါတယ်။ ယူရို -၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ပေါ်တူဂီအသင်းက အကောင်းဆုံးလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ စပိန်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့က ပိုကောင်းနေတာမျိုး မဟုတ်ပါဘူး။ နည်းပြအတွက် အကောင်းဆုံး ပြဿနာက ကစားသမားကောင်းတွေ များလွန်းလို့ ရွေးချယ်ရတာပါပဲ။ ပေါ်တူဂီအသင်းမှာ  နေရာတစ်နေရာအတွက် အကောင်းဆုံးကစားသမား အနည်းဆုံးနှစ်ယောက်စီ ရှိနေတာပါ။ တစ်နေရာအတွက် နှစ်ယောက်လို့ ဘာလို့ ပြောရတာလဲဆိုရင်တော့ ပေါ်တူဂီ အသင်းအနေနဲ့ ပြိုင်ပွဲဝင်ကစားသမား ၂၆ ဦးပဲ ရွေးခွင့်ရှိလို့ပါ"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ 

ပေါ်တူဂီအသင်းသည် ယူရို -၂၀၂၄ ပြိုင်ပွဲ အုပ်စု (F) တွင် တူရကီ၊ ဂျော်ဂျီယာ၊ ချက်အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုချောင်နေသဖြင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ရန် သေချာသလောက် ရှိနေသည်။ ယူရို -၂၀၂၄ ပြိုင်ပွဲဝင်မည့် ပေါ် တူဂီအသင်းကို နာမည်ကျော်ဝါရင့်ကစားသမား စီရော်နယ်လ်ဒိုက ဦးဆောင်လာမည်ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်နေးဗက်စ်၊ ရူဘင်ဒီယက်စ်၊ ဆယ်မီဒို၊ ဒါလော့၊ ဂျော်အိုဖေးလစ်၊ ပတ်ဒရိုနေတို၊ ဂျိုတာ၊  ဂျော်အိုဖေးလစ်နှင့် ဂွန်ဆာလိုရာမို့စ်တို့လို နာမည်ကျော်များ ပါဝင်သည်။ 

ထို့ကြောင့် မော်ရင်ဟိုက ယူရို -၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းက ဗိုလ်စွဲမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်ပြီး အီတလီနှင့် ဘယ်လ်ဂျီယံအသင်းတို့မှာမူ ပရိသတ်ကို အံ့သြအောင် လုပ်ပြနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ပေါ်တူဂီ၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့ထဲက တစ်သင်းသင်း ဗိုလ်စွဲပါလိမ့်မယ်။ စပိန်ကိုတော့ သိပ်မထင်ပါဘူး။ အီတလီနဲ့ ဘယ်လ်ဂျီယံအသင်းတွေကတော့ မထင်မှတ်ဘဲ ပရိသတ်အံ့သြအောင် လုပ်ပြနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent