ရာသီအဖွင့် လေးပွဲတွင် ကိုးဂိုးသွင်းယူကာ ရွန်နီ၏စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်တင်ခဲ့သည့် ဟာလန်းကို ဂွါဒီယိုလာ ချီးကျူး

ရာသီအဖွင့် လေးပွဲတွင် ကိုးဂိုးသွင်းယူကာ ရွန်နီ၏စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်တင်ခဲ့သည့် ဟာလန်းကို ဂွါဒီယိုလာ ချီးကျူး
Photo: AFP
Photo: AFP
Published 15 September 2024

 

ပရီးမီးယားလိဂ်ရာသီအဖွင့် လေးပွဲမှာပင် ကိုးဂိုးသွင်းယူပြီး စံချိန်တင်ခဲ့သည့် တိုက်စစ်မှူး အာလင်းဟာလန်းကို မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ချီးကျူးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် (၄) တွင် မန်စီးတီးအသင်းက ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုး ဖြင့် အနိုင်ရပြီး နှစ်ဂိုးစလုံးကို ဟာလန်းက သွင်းယူပေးခဲ့သည်။ ပွဲအစ ၂၂ စက္ကန့်မှာပင် ဘရန့်ဖို့ဒ်အသင်း ဦးဆောင်ဂိုးရရှိခဲ့သော် လည်း ဟာလန်းက ၁၉၊ ၃၂ မိနစ်တွင် ချေပဂိုး နှင့် အနိုင်ဂိုး ပြန်လည်သွင်းယူပေးပြီး ဒုတိယပိုင်းတွင် ၎င်း၏ကန်ချက် တိုင်ထိသွားသဖြင့် သုံးပွဲဆက် ဟက်ထရစ်သွင်းယူနိုင်မည့်အခွင့်အရေး လွဲချော်ခဲ့ရသည်။ 

ဟာလန်းအနေဖြင့် ရာသီအဖွင့် လေးပွဲကစားအပြီးမှာပင် ကိုးဂိုးသွင်းယူထားနိုင်ပြီဖြစ်ပြီး ၂၀၁၁-၂၀၁၂ ရာသီတွင် လေးပွဲကစား၊ ရှစ်ဂိုးသွင်းယူခဲ့သည့် မန်ယူအသင်းတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီ၏စံချိန်ကို ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ဂွါဒီယိုလာက "သူ့ရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ ပွဲစဉ် (၄) ပဲရှိသေးပြီး အများကြီး မကစားရသေးပါဘူး။ သူအဆင်သင့်ဖြစ်ရဲ့လားဆိုတာ ကျွန်တော်မမေးခဲ့ပါဘူး (ပွဲမတိုင်ခင် ရက်ပိုင်းတွင် ဟာလန်း၏ ရင်းနှီးသည့်မိတ်ဆွေတစ်ဦး ကွယ်လွန်ခြင်းကို ရည်ရွယ်ခြင်းဖြစ်)။ သူသာ အဆင်သင့်မဖြစ်ဘူးဆိုရင် ကျွန်တော့်ဆီကို သူရောက်လာမှာပါ။ သူက မယုံနိုင်လောက်စရာ လက်နက်တစ်ခုပါ။ တကယ်တော့ ဒီအခြေအနေက ခက်ခဲပါတယ်" ဟု ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent