ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမည်ဟု ပင်တဂွန် ကြေညာ

ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမည်ဟု ပင်တဂွန် ကြေညာ
မေ ၂၄ ရက်က ပင်တဂွန်တွင် ကင်ညာသမ္မတ ဝီလျံရူတိုနှင့် အစည်းအဝေးပြုလုပ်နေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ယာ)ကိုတွေ့ရစဉ်(Photo: AFP)
မေ ၂၄ ရက်က ပင်တဂွန်တွင် ကင်ညာသမ္မတ ဝီလျံရူတိုနှင့် အစည်းအဝေးပြုလုပ်နေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ယာ)ကိုတွေ့ရစဉ်(Photo: AFP)
Published 25 May 2024

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ကစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျန်နှင့်တွေ့ဆုံသွားမည်ဟု ပင်တဂွန်က မေ ၂၄ ရက်တွင် ကြေညာခဲ့သည်။

အော်စတင်သည် မေ ၃၁ ရက်မှ ဇွန် ၂ ရက်ကြား နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးခေါင်းဆောင်များတက်ရောက်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် တရုတ်ရေတပ်ဦးစီးချုပ်တုံနှင့် တွေ့ဆုံမည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။

တရုတ်သည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ရန် ၎င်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု သန္နိဌာန်ချခဲ့သည့် သမ္မတလိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် အဆိုပါစစ်ရေးလေ့ကျင့်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အော်စတင်နှင့် တုံတို့သည် ဧပြီလက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးကတည်းက သူတို့နှစ်ဦး တွေ့ဆုံကြလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရပြီး ထိုတွေ့ဆုံမှုသည် ၁၈ လနီးပါးအတွင်း အင်အားကြီး နှစ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးများအကြား ပထမဆုံးအကြိမ်ခိုင်မာသည့် ဆွေးနွေးပွဲများ ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ပြီးခဲ့သည့်လက ပေကျင်းနှင့် ရှန်ဟိုင်းမြို့များသို့ သွားရောက်ခဲ့မှုနှင့်အတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့နှင့် တရုတ်သည် သဘောထား ကွဲလွဲမှုများကို ဖြေလျှော့ရန် ဆက်သွယ်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

သို့သော် တရုတ်သမ္မတ ရှီကျင်းပင်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကယ်လီဖိုးနီး ယားပြည်နယ်တွင်ပြုလုပ်ခဲ့သည့် ညီလာခံတစ်ခုတွင် ဘိုင်ဒင်နှင့်တွေ့ဆုံရန် သဘောမတူမီအချိန်အထိ ကာကွယ်ရေးဆွေးနွေးပွဲများသည် နှေးကွေးခဲ့သည်။

အော်စတင်သည် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ရန်အတွက် လာမည့်သီတင်းပတ်တွင် ကမ္ဘောဒီးယားသို့ သွားရောက်မည်ဖြစ်ကာ ၎င်း၏ခရီးစဉ်ကိုပြင်သစ်တွင် အဆုံးသတ် မည်ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် အော်စတင်သည် ဘိုင်ဒင်နှင့်အတူ မဟာမိတ်တပ်များကဂျာမန်တို့သိမ်းယူထားသော ပြင်သစ်၏ နော်မန်ဒီကမ်းခြေကို ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည့် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်ဖြစ်သည့် D-Day ၏ နှစ်ပေါင်း ၈၀ ပြည့်နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။

အော်စတင်သည် ဆေးဝါးကုသမှုခံယူရမည့်အခြေအနေများကြောင့် သက်တမ်းနှစ်နှစ်ခွဲခန့် ကျန်ရှိနေသေးသည့် ကာကွယ်ရေးဝန်ကြီး၏ တာဝန်ဝတ္တရားများကို ၎င်း၏လက်ထောက်ဖြစ်သူ ကက်သလင်းဟစ်စ် အားလွှဲအပ်ကြောင်း မေ ၂၄ ရက်က ကြေညာခဲ့သည့်တိုင် အဆိုပါခရီးစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

အော်စတင်သည် ၀ါရှင်တန်ရှိဝေါ်လ်တာရိဒ် စစ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးတာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ပတ် ရိုက်ဒါက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent