အီရန်သမ္မတ၏ ရဟတ်ယာဉ်ပျက်ကျမှုသည် တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြ

အီရန်သမ္မတ၏ ရဟတ်ယာဉ်ပျက်ကျမှုသည် တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြ
၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က ရှားရီကွတ်မြို့တွင် မိန့်ခွန်းပြောကြားနေသည့် အီရန်သမ္မတ ရိုင်ဆီကို တွေ့ရစဉ်(Photo: AFP)
၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က ရှားရီကွတ်မြို့တွင် မိန့်ခွန်းပြောကြားနေသည့် အီရန်သမ္မတ ရိုင်ဆီကို တွေ့ရစဉ်(Photo: AFP)
Published 25 May 2024

အီရန်သမ္မတ အီဘရာဟင် ရိုင်ဆီလိုက်ပါသွားသည့် ရဟတ်ယာဉ်ပျက်ကျမှုတွင် တိုက်ခိုက်ခံရသည့်လက္ခဏာ မရှိကြောင်းနှင့်  ထိုရဟတ်ယာဉ်သည် တောင်ပေါ်သို့ ပျက်ကျခဲ့ပြီးနောက် မကြာမီအချိန်အတွင်း မီးလောင် ကျွန်းခဲ့သည်ဟု စစ်တပ်၏စုံစမ်းစစ်ဆေးမှုကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ထိုရဟတ်ယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးသည့်အဖွဲ့ကို ဦးဆောင်သည့် အီရန်စစ်တပ်၏ စစ်ဦးစီးချုပ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံကို မေ ၂၃ ရက်နှောင်းပိုင်းက နိုင်ငံပိုင်မီဒီယာတွင် ဖတ်ကြားခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်ခဲ့သည့် ထိုအစီရင်ခံစာထဲတွင် မည်သို့ကိုမျှ အပြစ်တင်ခဲ့ခြင်းမရှိသော်လည်း နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အသေးစိတ်အချက်အလက် များကို ထပ်မံထုတ်ပြန်မည်ဟု ပြောကြားခဲ့သည်။

မေ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုတွင် ရိုင်ဆီနှင့်အီရန် နိုင်ငံခြားရေးဝန်ကြီးတို့အပြင် အခြားသူခြောက်ဦးသေဆုံးခဲ့သည်။

ရဟတ်ယာဉ်ပျက်မကျမီအချိန်တွင် ရဟတ်ယာဉ်အမှုထမ်းများနှင့် ထိန်းချုပ်ရေးတာဝါအကြား ဆက်သွယ်ပြောဆိုမှုများတွင် မည်သည့်သံသယဖြစ်စရာအချက်ကိုမျှ မတွေ့ရကြောင်း စစ်ဦးစီးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိန်းချုပ်ရေးတာဝါနှင့် နောက်ဆုံးအကြိမ် ဆက်သွယ်မှုသည် ပျက်မကျမီ စက္ကန့် ၉၀ အလိုခန့်က ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်သည်ပစ်ချခံရသည့် လက္ခဏာမရှိဘဲ ပျံသန်းသည့်လမ်းကြောင်းသည်လည်း ပြောင်းလဲခဲ့ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အီရန်သမ္မတ လိုက်ပါစီးနင်းလာသော အမေရိကန်လုပ် Bell ရဟတ်ယာဉ်သည် မြူထူသော တောင်တန်းဒေသတွင် ပျက်ကျခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်အပျက်ကို ရှာတွေ့ခဲ့သည်။

ရိုင်ဆီကို မေ ၂၃ ရက်က ၎င်း၏ ဇာတိမြို့ဖြစ်သည့် မာ့ရှ်ဟက်မြို့ရှိ အီမမ်ရီဇာ ဂူဗိမာန်တွင် မြှုပ်နှံခဲ့သည်။

မေ ၂၀ ရက်တွင်ကြေညာခဲ့သည့် ငါးရက်ကြာအများအပြည်သူ ဝမ်းနည်းသည့်နေ့များကုန်ဆုံးသွားပြီးနောက် ယာယီသမ္မတ မိုဟာမက်မော့ခဘာအပါအဝင် အာဏာပိုင်များသည် သမ္မတအသစ်ရွေးကောက်ရေးအတွက် ဇွန် ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

လူအများအပြားတက်ရောက်ခဲ့သည့် စျာပနအခမ်းအနားကိုရက်ချီပြုလုပ်ခဲ့ပြီးနောက် မေ ၂၃ ရက်တွင် သမ္မတကို မြုပ်နှံလိုက်ခြင်းဖြစ်သည်ဟု အီရန်အစိုးရမီဒီယာက ဆက်လက်ဖော်ပြခဲ့သည်။

တာဘရစ်၊ ကွမ်း၊ တီဟီရန်၊ ဘာဂျန်းမြို့တို့တွင် စျာပနအခမ်းအနားများပြုလုပ်ခဲ့ပြီးနောက် ရိုင်ဆီကို မြုပ်နှံခြင်းမပြုမီ ၎င်းကို နှုတ်ဆက်ရန် လူထောင်ပေါင်းများစွာသည် ၎င်း၏ဇာတိမြို့ဖြစ်သော မာ့ရှ်ဟက်သို့ ရောက်လာခဲ့ကြသည်။

မာရှ်ဟက်မြို့၏လမ်းများတစ်လျှောက်တွင် ရိုင်ဆီပုံ ပိုစတာများ၊ အလံနက်များ၊ ရှီးယိုက် သင်္ကေတများကို အထူးသဖြင့် ရိုင်ဆီအားနောက်ဆုံးမြုပ်နှံမည့် အီမမ်ရီဇာဗိမာန် တစ်ဝိုက်တွင်ထောင်ထားသည်။

အဆိုပါဗိမာန်သည် နှစ်စဉ်ဘုရားဖူး သန်းချီလာရောက်သောနေရာဖြစ်ကြောင်း သိရသည်။             

Ref: AFP/AP

Most Read

Most Recent