ပွဲစဉ်လေးပွဲတွင် အဝါကတ်ပြခံရစေရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းခဲ့သည့် ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကေတာ ၁၀ နှစ်ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေပြီး ဇွန် ၃ ရက်မတိုင်မီ ဖြေရှင်းရမည်

ပွဲစဉ်လေးပွဲတွင် အဝါကတ်ပြခံရစေရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းခဲ့သည့် ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကေတာ ၁၀ နှစ်ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေပြီး ဇွန် ၃ ရက်မတိုင်မီ ဖြေရှင်းရမည်
Photo: Daily Mail
Photo: Daily Mail
Published 25 May 2024

 

ပွဲစဉ်လေးပွဲတွင် အဝါကတ်ပြခံရစေရန် ရည်ရွယ်ချက်ရှိရှိကြိုးပမ်းခဲ့သည့် ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ လူးကပ်စ်ပါကေတာသည် ၁၀ နှစ်ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေပြီး ဇွန် ၃ ရက်မတိုင်မီ ဖြေရှင်းရမည် ဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမား ပါကေတာ (၂၆ နှစ်) အနေဖြင့် လောင်းကစား စည်းမျဉ်းချိုးဖောက်နိုင်သည့် အလားအလာကြောင့် ၂၀၂၃ ခုနှစ် သြဂုတ် ၁၈ ရက်ကတည်းက စုံစမ်းစစ်ဆေးမှုခံခဲ့ရပြီး မေ ၂၃ ရက်တွင် စည်းမျဉ်း E5 နှင့် F3 ချိုးဖောက်မှုဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ 

FA ၏ ထုတ်ပြန်မှုအရ ပါ ကေတာသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် လက်စတာအသင်း၊ ၂၀၂၃ ခုနှစ် မတ် ၁၂ ရက်တွင် ဗီလာအသင်း၊ ၂၀၂၃ ခုနှစ် မေ ၂၁ ရက်တွင် လိဒ်စ်အသင်း၊ ၂၀၂၃ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ဘုန်းမောက်အသင်းတို့ နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲ တွင် အဝါကတ်ပြခံရစေရန် ကြိုးပမ်းခဲ့ပြီး လောင်းကစားစျေးကွက်အပေါ် သက်ရောက် မှုရှိစေရန်နှင့် တစ်ဦး သို့မဟုတ် တစ်ဦးထက် ပိုသူများအတွက် လောင်းကစားပြုလုပ်ရာမှ အကျိုးအမြတ်ရရှိစေရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် FA က ချမှတ်ထားသည့် စည်းမျဉ်း E5 ချိုးဖောက်မှု စွဲချက်လေးခု၊ F2 ကို လိုက်နာရန်ပျက်ကွက်သည့် F3 ချိုးဖောက်မှု စွဲချက်နှစ်ခု ရင်ဆိုင်နေရပြီး ဇွန် ၃ ရက် နောက်ဆုံးထား၍ ဖြေရှင်းရမည်ဖြစ်သည်။ ပါကေတာ၏ဖြစ်ရပ်မှာ ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေး၊ နယူးကာဆယ် အသင်းကွင်းလယ်လူ တိုနာလီတို့နှင့် ကွဲပြားခြားနားပြီး ၁၀ နှစ်ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

FA ၏ စွဲချက်တင်ခံရခြင်းအတွက် ဝက်စ်ဟမ်းအသင်းက ကစားသမားဘက်မှ ရပ်တည်အားပေးသွားမည်ဟု ထုတ်ပြန်ခဲ့ပြီး ပါကေတာကလည်း "FA က ကျွန်တော့်ကို စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာကို အရမ်းအံ့သြပြီး စိတ်ပျက်မိပါတယ်။ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု အဆင့်အားလုံးကို ပူးပေါင်းပြီးတော့ ကျွန်တော်တတ်နိုင်သမျှ အချက်အလက်အားလုံး ပေးခဲ့ပါတယ်။ ဒီစွဲချက်တွေကို ကျွန်တော် ငြင်းဆန်ပါတယ်။ ကျွန်တော့်နာမည်ကို ဆေးကြောဖို့ အသက်ရှူနေတဲ့တစ်လျှောက်လုံး တိုက်ပွဲဝင်သွားမှာပါ။ ဒီထက်ပိုပြီးပြောတော့မှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

ပါကေတာ ပြစ်မှုကျူးလွန်ခဲ့သည့်ပွဲစဉ်များ

■ ဝက်စ်ဟမ်း (၀-၂) လက်စတာ (၁၂-၁၁-၂၀၂၂)

(မိနစ် ၆၀ တွင် အဝါကတ်ပြခံရ)

■  ဝက်စ်ဟမ်း (၁-၁) ဗီလာ (၁၂-၃-၂၀၂၃)

(မိနစ် ၇၀ တွင် အဝါကတ်ပြခံရ)

■ ဝက်စ်ဟမ်း (၃-၁) လိဒ်စ် (၂၁-၅-၂၀၂၃)

(၆၅ မိနစ်တွင် အဝါကတ်ပြခံရ)

■ ဝက်စ်ဟမ်း (၁-၁) ဘုန်းမောက် (၁၂-၈-၂၀၂၃)

(၉၀+၄ မိနစ်တွင် အဝါကတ်ပြခံရ)

Most Read

Most Recent