ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းကွန်ဒိုများဝယ်ယူမှုတွင် မြန်မာက ရုရှားကို ကျော်တက်ပြီး အဆင့် (၂) သို့ ရောက်ရှိလာ

ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းကွန်ဒိုများဝယ်ယူမှုတွင် မြန်မာက ရုရှားကို ကျော်တက်ပြီး အဆင့် (၂) သို့ ရောက်ရှိလာ
Published 19 May 2024

ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်း ကွန်ဒိုများဝယ်ယူတွင် မြန်မာက ရုရှားကို ကျော် တက်ပြီး အဆင့် (၂ ) သို့ ရောက်ရှိလာသည်ဟု ထိုင်းအခြေစိုက် The Nation သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်း ဘတ် ၁၈ ဒသမ ၀၂ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ကို နိုင်ငံခြားသားများကို ရောင်းချနိုင်ခဲ့သည်ဟု ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်ဌာနက ထုတ်ပြန်သည်။

ယင်းသို့ ဝယ်ယူမှုတွင် တရုတ်နိုင်ငံသား များက ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံသားများက နံပါတ် (၂) နေရာသို့ ရောက်ရှိလာခဲ့ပြီး ရုရှားနိုင်ငံသားများမှာ အဆင့် (၃) နေရာတွင်ရှိနေသည်ဟု အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။

တရုတ်နိုင်ငံသားများမှာ ဘတ် ၄ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ အခန်းပေါင်း ၁၅၉၆ ကို ဝယ်ယူခဲ့ကြပြီး မြန်မာနိုင်ငံသားများမှာ ဘတ် ၂ ဒသမ ၂၁ ဘီလျံတန်ဖိုးရှိ အခန်းပေါင်း ၃၉၂ ခန်းကို ဝယ်ယူခဲ့ကြသည်ဟု ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Nation သတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံသားများမှာ ဘတ် ၉၂၄ သန်း တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၂၉၅ ခန်းကို ဝယ်ယူခဲ့ကြသည်ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ကွန်ဒိုများကို ဝယ်ယူသည့် တရုတ်နိုင်ငံ သားများမှာ နိုင်ငံခြားဝယ်လက်များ၏ ၄၁ ရာခိုင်နှုန်းရှိပြီး မြန်မာနှင့် ရုရှားဝယ်လက် များက ၁၀ ရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်း အသီး သီးရှိကြောင်း ထိုင်းအိမ်ခြံမြေသတင်းအချက် အလက်ဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားသားများသို့ ရောင်းချသည့် ယူနစ်အရေအတွက်သည် ယမန်နှစ်ကာလတူ ထက် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း အိမ်ခြံ မြေသတင်းအချက်အလက်ဌာန၏ အချက်အ လက်များကို ကိုးကားပြီး သတင်းတွင်ဖော်ပြ ထားသည်။

Most Read

Most Recent