ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဆလိုဗေးကီးယားဝန်ကြီးချုပ် အသက်အန္တရာယ်မရှိတော့ဟု ဒုတိယဝန်ကြီးချုပ်ပြော

ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဆလိုဗေးကီးယားဝန်ကြီးချုပ် အသက်အန္တရာယ်မရှိတော့ဟု ဒုတိယဝန်ကြီးချုပ်ပြော
Published 16 May 2024

ဆလိုဗေးကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖီကိုသည် မေ ၁၅ ရက်နေ့လည်ပိုင်းက ပစ်ခတ်မှုနှင့်ကြုံခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဝန်ကြီးချုပ်၏ Facebook အကောင့်တွင် ဖော်ပြခဲ့ကာ ယခုဒုတိယဝန်ကြီးချုပ် ထိုမတ်စ်ထရာဘာက မစ္စတာဖီကို၏ခွဲစိတ်မှု အဆင်ပြေပြေနှင့် ပြီးဆုံးသွားပြီး အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဟု  ဘီဘီစီကိုပြောသည်။

အစောပိုင်းတွင် ကာကွယ်ရေးဝန်ကြီးက ဝန်ကြီးချုပ်သည် လုပ်ကြံခံရမှုအတွင်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး အသက်လုနေရသည်ဟု ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်ပြောကြားချက်အရမူ သေနတ်သမားက ဝန်ကြီးချုပ်ကို အနီးကပ်ပစ်ခတ်ခဲ့ပြီး တစ်ချက်က အစာအိမ်ကိုမှန်ခဲ့သည်ဟု သိရသည်။

အသက် ၅၉ နှစ်အရွယ်ရှိ ရောဘတ်ဖီကိုသည် ဟန်းလိုဗာမြို့လေးတွင် အစိုးရအစည်းအဝေးတစ်ခုကို တက်ရောက်ပြီးနောက် ပစ်ခတ်ခံရခြင်းဖြစ်သည်။ဟန်းလိုဗာမြို့ရှိ အစိုးရအစည်းအဝေးပြုလုပ်ရာ ယဉ်ကျေးမှုစင်တာ အပြင်ဘက်တွင် ဝန်ကြီးချုပ်ကိုနှုတ်ဆက်ရန် စောင့်ဆိုင်းနေသည့် လူအုပ်ထဲ၌ သေနတ်သမားက ရောနေခဲ့ပြီး ၎င်းကိုလည်း ဖမ်းမိခဲ့သည်။

ဝန်ကြီးချုပ်၏ Facebook အကောင့်ဖော်ပြချက်အရ ဝန်ကြီးချုပ်သည် အရေးပေါ်ကုသရန် လိုနေသည့်အတွက် ၎င်းကို မြို့တော်ဘရာတီ စလာဗာကို မပို့ဘဲ အခင်းဖြစ်ပွားရာ ဟန်းလိုဗာမြို့နှင့်ပိုနီးသည့် ဘန်စကာ ဘိုင်စရစ်ကာမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့လိုက်ရသည်။

ရွေးကောက်ခံသမ္မတ ပီတာ ပယ်လာဂရီနီက ယခုပစ်ခတ်မှုကို ဆလိုဗေးကီးယားနိုင်ငံ၏ ဒီမိုကရေစီကို မကြုံစဖူးခြိမ်းခြောက်လာမှုဟု ပြောဆိုလိုက်ပြီး နိုင်ငံရေးအမြင်များကို မဲရုံများတွင် မဖော်ထုတ်ဘဲ သေနတ်ဖြင့်ဖော်ထုတ်ကြမည်ဆိုလျှင်  နိုင်ငံအချုပ်အခြာအာဏာတည်လာသည့် ၃၁ နှစ်အတွင်း တည်ဆောက်ခဲ့သမျှ ပျက်စီးသွားလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။

တရားခံမည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့ကမကြေညာသော်လည်း ပြည်တွင်းမီဒီယာက အသက်  ၇၁ နှစ်အရွယ် စာရေးဆရာ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဟု ဖော်ပြခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံမှ ခေါင်းဆောင်တစ်ဦး ယခုကဲ့သို့တိုက်ခိုက်ခံရမှုသည် ဥရောပတလွှား အံ့အားသင့်စေခဲ့ပြီး နေတိုးအတွင်းရေးမှူးချုပ် ယန်စတိုတင်ဘာ့ဂ်က တုန်လှုပ်မိကြောင်း ဆိုရှယ်မီဒီယာတွင်ရေးသားခဲ့ကာ  ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန် ဒလေယန်က ယုတ်မာသည့်တိုက်ခိုက်မှုဟု ရှုတ်ချခဲ့သည်။

ရောဘတ်ဖီကိုသည် မနှစ်ကစက်တင်ဘာ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ဝန်ကြီးချုပ်နေရာကို ပြန်ရောက်လာကာ ဇန်နဝါရီတွင် ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှုကို ရပ်လိုက်သည်။

Ref: Agencies

 

 

Most Read

Most Recent