အချစ်ခံကြည့် MTV သီချင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင်ဗညာဘုန်းပြည့်၊ ဇာတ်ညွန်းရေးသူတို့ ဖမ်းဆီးခံထားရ

အချစ်ခံကြည့် MTV သီချင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင်ဗညာဘုန်းပြည့်၊ ဇာတ်ညွန်းရေးသူတို့ ဖမ်းဆီးခံထားရ
Published 15 May 2024

အချစ်ခံကြည့် MTV သီချင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင်ဗညာဘုန်းပြည့်၊ ဇာတ်ညွန်းရေးသူတို့ အဖမ်းခံရကြောင်း သိရသည်။

အဆိုပါသီချင်းတွင် သရုပ်ဆောင်ထားမှုမှာ လိင်အသားပေးခြင်းများ ပါဝင်သဖြင့် ပုဇွန်တောင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး ယင်းသီချင်းတွင်ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်ဗညားဘုန်းပြည့်နှင့် ဇာတ်ညွန်းရေးသူ ရွှေဆု ဆိုသူတို့ အဖမ်းခံထားရခြင်းဖြစ်သည်။

အဆိုပါ အချစ်ခံကြည့် MTV သီချင်းအား ထုတ်လုပ်သူမှာ သရုပ်ဆောင် ဖူးပွင့်သခင်ဖြစ်ပြီး တေးရေးမှာ မင်းစည်သူ၊ ဇာတ်ညွန်းရေးသူ ရွှေဆုတို့ဖြစ်ကာ ဒါရိုက်တာမှာ Kina ဖြစ်ပြီး ဗညားဘုန်းပြည့်နှင့် ဖူးပွင့်သခင်တို့က သရုပ်ဆောင်ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တေးရေးမင်းစည်သူ ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖြင့် ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။

" အချစ်ခံကြည့် သီချင်းကိစ္စမှာ အားလုံးစုစည်းပြီးတော့ ဖန်တီးခဲ့ကြတယ်။ ဖန်တီးခဲ့ကြတဲ့အခါမှာ ကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ ကျွန်တော်တို့ ခေါင်းတွေပဲ မဟုတ်ဘဲနဲ့ အကုန်လုံးစုစည်းပြီးတော့ လုပ်ခဲ့တဲ့သီချင်းဖြစ်တဲ့အတွက်ကြောင့် အားလုံးကိုယ်စားပြောချင်တာက ဖူးပွင့်သခင် ကိုယ်တိုင်ထွက်ရှင်းပေးသင့်တယ်လို့ ထင်တယ်" ဟု တေးရေးမင်းစည်သူက လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားသည်ကို တွေ့ရသည်။

အဆိုပါသီချင်းနှင့် ပတ်သက်ပြီး ဇာတ်ညွန်းရေးသူနှင့် သရုပ်ဆောင် ဗညားဘုန်းပြည့်တို့ လက်ရှိတွင် အဖမ်းခံထားရပြီး ဇာတ်ညွန်းရေးသူ၏ ဇာတ်ညွန်းများအတိုင်း ရိုက်ကူးထားခြင်း မရှိကြောင်း တေးရေးမင်းစည်သူက ဆက်လက်ပြောကြားထားသည်။

" ခေါ်တာက ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက်အရင်ကျလာတယ်။ ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်။ ဖြစ်လာတော့ ညီမလေး(ဖူးပွင့်သခင်) နင်ကိုယ်တိုင်ကရှောင်နေပြီးသူတော့ ညီမလေးတယောက်ထဲအတွက်ပဲဖြေရှင်းနေတယ်။ ဗညားအတွက်လည်းမဖြေရှင်းဘူး။ ပြီးတော့ အစ်ကိုတို့တွေ အတွက်လည်းမဖြေရှင်းပေးဘူး။ ပြီးတော့ရွှေဆု။ ရွှေဆုဆို ဘာမှ မဆိုင်ဘူး။ မဆိုင်ဘဲနဲ့ ဒီကလေးလေးဆိုရင် ဖမ်းခံရတယ်။ ဒါကို ညီမလေးကိုယ်တိုင် ဖြေရှင်းသင့်တယ်လို့ ထင်တယ်။ ညီမလေး(ဖူးပွင့်သခင်) ကိုယ်တိုင် ဒီအမှုတစ်ခုလုံး တာဝန်ယူပေးဖို့ ပြောချင်ပါတယ်။ ဘာလို့ဆို ဒီတပုဒ်လုံးမှာ အရေးကြီး Main ကတော့ ညီမလေးပေါ့နော်။ တေးရေးလာမအပ်ဘဲနဲ့ သီချင်းရေးပေးမှာ မဟုတ်ဘူး။ Script ဆိုတာကလည်း ညီမလေးကိုယ်တိုင် လိုချင်တဲ့ပုံစံကို ပြောလို့လည်း ဒီလိုဒီလိုတွေပေါ့နော်။ ရေးပေးကြတယ် လုပ်ပေးကြတယ်။ လုပ်ပေးပြီးတော့မှ အဆင်ပြေပြီဆိုတော့မှ ရိုက်ကြတာပေါ့။ ... ဒီသီချင်းကို ညီမက သရုပ်ဆောင်၊ ထုတ်လုပ်သူပေါ့။ .. ဇာတ်ညွန်းကလည်း ဒီလိုပဲ။ အကိုတို့ စုစုစည်းစည်းနဲ့ ရေးကြတယ်။ ရေးကြတဲ့အခါမှာ ညီမကိုယ်တိုင် လုံးဝကြိုက်ပြီဆိုတော့မှ ရိုက်တယ်။ ရိုက်တော့လည်း ဇာတ်ညွန်းနဲ့ တစ်ထပ်တည်း မတူဘဲနဲ့ ကွဲပြားနေတာတွေရှိတယ်။ အကိုတို့ဆို ရှုတင်ပြီးခါနီးမှ ရောက်ချလာတယ်။ ရှေ့မှာဘယ်လိုရိုက်သွားသလဲဆိုတာ မသိရဘူး။ MTV ထွက်လာတဲ့အခါကျတော့မှ ဒီလိုဒီလို ရိုက်ခဲ့တာပါလားဆိုတာ သိရတယ်။ ဒါပေမဲ့လည်း မပြောတော့ဘူး။ မပြောတော့ဘူးဆိုတာက ရှုတင်တွေ ထပ်တင်ရမယ်။ ငွေတွေထပ်ကုန်မယ်။ အကို့ ကိုယ်ပိုင်သီချင်းမဟုတ်တဲ့အတွက်ကြောင့်လည်း ညီမကြိုက်ရင်ပြီးရော ညီမအဆင်ပြေရင်ပြီးရောဆိုပြီးတော့ ဘာမှမပြောဘဲနေခဲ့တယ်။ ဒီအချိန် ဒီလိုဖြစ်လာမှ ညီမ(ဖူးပွင့်သခင်)က ရှောင်နေပြီးတော့ ကျန်တဲ့သူတွေကိုတော့ ထောင်ကျရင်ကျပါစေဆိုပြီးတော့ ညီမလွှတ်ထားလို့ ဒီအတိုင်းကြီး နေပေးလို့ မသင့်ဘူးလို့ထင်တယ်" ဟု တေးရေးမင်းစည်သူက ပြောကြားထားသည်ကို တွေ့ရသည်။

အဆိုပါသီချင်းတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဗညားဘုန်းပြည့်နှင့် ဇာတ်ညွန်းရေးသူတို့ကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း " စောင့်ပက် " သီချင်းနှင့် " စကားလေးတစ်ခွန်းပဲဖြေ ချစ်လား " သီချင်း၊ ဘီယာဗိုက် "သီချင်းများတွင် သီဆိုသူများနှင့် ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်တွင် ထုတ်လုပ်သူများအနေဖြင့် တေးသီချင်းဗီဒီယိုများကို မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ဖြစ်စေ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်နိုင်ကြောင်း၊ ဆင်ဆာမူဝါဒများနှင့် ညီညွတ်ခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် သရုပ်ဆောင်များ၊ ထုတ်လွှင့်ပြသသူများ၊ စီစဉ်သူ၊ ဇာတ်ညွှန်းရေးသူ စသည့်ဆက်စပ် ပါဝင်သူများအားလုံးကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent