လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁၉၆ သန်းကျော် ဝင်ရောက်ထား

လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁၉၆ သန်းကျော် ဝင်ရောက်ထား
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်
Published 30 March 2024

လက်ရှိအချိန်အထိ သီလဝါအထူး စီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁၉၆ သန်းကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၂၁၉၆ ဒသမ ၉၉၃ သန်းအထိ ဝင်ရောက်ထားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ်သည့်ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၁၉၀ ဒသမ ၇၉၀ ရှိကြောင်း အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက် ရှိသည့်ဇုန်တစ်ခုဖြစ်သည့်အပြင် ဒေသတွင်း နိုင်ငံများအကြားတွင် သတင်းကောင်းနှင့်ရပ်တည်နေသည့် ဇုန်တစ်ခုလည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင်   နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျဆက်လက် ရင်းနှီးမြှုပ်နှံနိုင်ရန်ကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရန် လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများချောမွေ့မြန်ဆန်စွာလည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပေးရန်မှာကြားလိုကြောင်း နစကဒု ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန်(A)နှင့် ဇုန်(B)ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန် အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသည့် ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်း လည်ပတ်သည့် ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံးထုတ် လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံးပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိသည်ကို တင်ပြချက်များအရ သိရကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ သီလဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ပါက ဧပြီမှ ဇူလိုင်အထိလေးလတာ ကာလအတွင်း ပို့ကုန်ပမာဏ ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိပြီး အခွန်အရပ်ရပ်အတွက် ကောက်ခံရငွေ မြန်မာကျပ် ငွေ ၂၂ ဘီလျံရရှိခဲ့ကြောင်း၊ လေးလတာကာလဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုနှင့်အခွန်အရပ်ရပ်ကောက်ခံရရှိမှုကို ယခုထက်ပိုမိုတိုးတက်ရရှိရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။