ဆောင်းရာသီ ချမ်းအေးလွန်းသောကာလ တနင်္ဂနွေနေ့တစ်ရက်တွင် ကျွန်တော်သည် ချယ်ရီပန်းပွင့်သော တောင်ပေါ်မြို့ကလေးများကို သွားရောက် လည်ပတ်လေ့လာဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၅၀၀ ကျော် မြင့်သော တောင်ပေါ်ဒေသတွင်သာ ပေါက်ရောက်သော ချယ်ရီပန်းပွင့်လေးများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့အတော်များများတွင် စိုက်ပျိုးထားသဖြင့် ဆောင်းရာသီ အအေးဆုံးကာလတွင် ချယ်ရီပန်းလေးများ မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်နေသည်ကိုလည်း မြင်တွေ့ရပါသည်။ ချယ်ရီပန်းသည် တောင်ပေါ်ဒေသတွင်သာ ပေါက်ရောက်၍ ဆောင်းရာသီအချမ်းအေးဆုံးကာလတွင် ဖူးပွင့်ကြကာ ဇန်နဝါရီလလယ်မှစတင်၍ ဖူးပွင့်တတ်ကြသည်။
တောင်ကြီး၊ ဘော်ဆိုင်း၊ အောင်ပန်း၊ ကလောစသော မြို့တိုင်းလိုလို ချယ်ရီပန်းပင်လေးများ အပြိုင်အဆိုင်ဝေဆာစွာ ပွင့်ဖူးနေကြပြီး ဆောင်းမင်းသမီးလေးနှယ် ဆောင်းရာသီ မြူနှင်းများနှင့် တောင်ပေါ်ရှုခင်း ပနံရ လှပလို့ နေပါသည်။ တောင်ကြီး ၊ အောင်ပန်း ၊ ကလော စသော မြို့များ၏ တောင်ပေါ် ရှုခင်းများမှ တမျှော်တခေါ် လှမ်းမျှော်ကြည့်လိုက်လျှင် ချယ်ရီပန်းပင်လေးများ ဖြင့် ပန်းရောင် သစ်ပင်လေးများ ဝေဆာနေသည်ကို မြင်တွေ့ရသည်။
တောင်ကြီးမြို့ ကျော်သည် နှင့် အောင်သပြေ ၊ ရွှေညောင် ၊ တောင်လေးလုံး မှ တောင်တက်လမ်းအတိုင်း မနက်စောစော စီးစီး နှင်းမှုန်ကြားထဲ ခရီးနှင် ရသည်။ တောင်လေးလုံး အတက်လမ်းအစ ခေါင်တိုင် လမ်းခွဲ တွင် ဒေသစျေးနေ့ ရိုးရာမပျက် ခင်းကျင်းရောင်းချနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျေးရွာများမှ တဆင့် လာရောညက်ရောင်းချသော ဒေသထွက် သီးနှံမျိုးစုံ တွေ့ရပြီး စျေးလေးမှာလည်း ချစ်စရာ ကောင်းသည်ဟု ထင်မိသည်။
ထိုမှတဆင့် တောင်လေးလုံး ရှိ ဘဝသံသရာ တံတား ရှိ ဗျူးပွိုင့် တွင် ခေတ္တ အနားယူအပန်းဖြေကာ ရှုခင်း ကြည့်ရှု ခံစားသည်။
တောင်လေးလုံး တောင်ကျော်သည် နှင့် ဟဲဟိုးမြို့ကို ရောက်ရှိသည်။ ဟဲဟိုး ကျော်ပြီးနောက် သီခေါင်တောင် အတက်လမ်းအတိုင်း တက်လာခဲ့ရာ သီခေါင်တောင် ဗျူးပွိုင့် ရှုခင်း ကို မြင်တွေ့ရသည်။ သီခေါင်တောင် ကျော်သည် နှင့် အောင်ပန်းကို ရောက်ရှိပေမည် ။ တောင်ကြီးမှ ကလော သွားရာတွင် တောင်လေးလုံး နှင့် သီခေါင်တောင် ထို တောင်နှစ်လုံး ကို ဖြတ်ကျော် ရခြင်း ဖြစ်ပါသည်။
အောင်ပန်းမြို့ ရောက်သည် နှင့် မယ်ခိုတောင်ပေါ် ရှိ မယ်ခိုကျောင်းတိုက် ရှေ့ ချယ်ရီပန်းပင် လေးကို သွားရောက် ဓါတ်ပုံရိုက်သည်။ ချယ်ရီပန်းပင် တွင် အနီကွက်လေးပါသော ငှက်ကလေးများမိသားစု အေးအေးလူလူ ချယ်ရီပန်း လာရောက် စားသုံးနေသည်ကို မြင်တွေ့ရသဖြင့် ပုံရိုက်ခွင့် ရခဲ့သည်။ သို့သော်လည်း နေရောင်ခြည် ကျရောက်သော နေရာ သို့ ငှက်ကလေးများထွက်မလာ သဖြင့် ပုံကောင်းတော့ မရခဲ့ပါချေ။
အောင်ပန်းမှ တဆင့် ဆက်လက် ထွက်ခွာရာ မိနစ်ပိုင်း အတွင်း ကလောမြို့ကို ရောက်ရှိခဲ့ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ခရီးသွားမြို့တော် တစ်မြို့ ဖြစ်သလို ၊ ချယ်ရီ ၊ ထင်းရှူးပင် များ ပေါက်သော လွမ်းမောဘွယ် အိပ်မက် မြို့တော် တစ်မြို့ လည်း ဖြစ်ပါသည်။
အိပ်မက်မြို့တော် ဟု ဆိုရခြင်းမှာ ကလောမြို့ကို စတင် တည်ဆောက်စဉ် အင်္ဂလိပ် တို့က သာမိုင်းခမ်းအပိုင် လွယ်အန် နယ်ထဲမှ ကျေးရွာတစ်ရွာ ပင် ဖြစ်ကြောင်း ဦးမြင့်သန်း ရေးသော အောင်ပန်း စာအုပ်တွင် ဖော်ပြထားသည်။ တောင်ကုန်းများ ပတ်လည် ဝန်းရံပြီး ချိုင့်ဝှမ်းလျှိုမြောင်များ ချောင်းက ရစ်ခွေ စီးဆင်းနေပြီး ထူထပ်စိမ်းမှောင်သော ထင်းရှူးပင်အုပ် နှင့် ချယ်ရီပန်းပင်များ ဝေအောင်ပွင့်ဖူးနေကြသော သစ်တောရိုင်းပင်တွေ နှင့် လှပနှစ်သက်စရာနေရာအဖြစ် အင်္ဂလိပ်များက မှတ်တမ်းတင်ခဲ့ကြောင်း အထက်မြန်မာ နှင့် ရှမ်းဂေဇက် တွင်လည်း ဖော်ပြထားသည်။ အင်္ဂလိပ်တို့က ကလောမြို့ ၏ ရာသီဥတု ၊ ရေမြေသဘာဝ တို့ကို စိတ်ကူးယဉ်စရာ စကော့တလန် အဖြစ် တင်စားခဲ့ကြခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထင်ရှားသော မြို့တော် တစ်ခု ဖြစ်ပြီး ခရီးသွား အများစု တို့သည် ရှမ်းပြည်နယ် ရောက်လျှင် ကလော နှင့် အင်းလေး ကို မဖြစ်မနေ ဝင်ရောက် လည်ပတ်ကြသည်။ ကလောရောက်လျှင် ဦးစွာ မြင်တွေ့ရသည်မှာ တောင်စောင်းများ ပေါ်တွင် ဆောက်လုပ်ထားသော အိမ်ကလေးများ နှင့် လိုက်ဖက်ညီစွာ လှပနေသော ချယ်ရီပင် ၊ ထင်းရှူးပင် လေးများပင် ဖြစ်ပါသည်။
''ကလော အမည်ရင်းမြစ် နှစ်ခု''
ကလော ဟူသော အမည်ရင်းမြစ်ကို အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးရှိနိုင်သည်ဟု ဝီကီပီးဒီးယား တွင် ဖော်ပြထားသည်။ ပလောင်ရင်းမြစ် မှာ အောက်ပါ အတိုင်း ဖြစ်သည်။
ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုး များ၏ကလောက် ဟူသော အသံထွက်မှ ဖြစ်ပေါ်လာသည်။ ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟု အဓိပ္ပာယ်ရသည်။ ကလောမြို့အား အရပ်လေးမျက်နှာ တောင်တန်းများဝန်းရံနေပုံမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။
''ရှမ်းစကား မှ ဆင်းသက်လာသော ကလော''
ကလော ဆိုသော စကားရပ်မှာ ဒေသခံ ရှမ်းတိုင်းရင်းသား တို့၏ ဘာသာစကား ဖြစ်ပေသည်။ ကိုလိုနီခေတ်မြို့ပြ အင်္ဂါရပ်နှင့်အညီ စော်ဘွားတို့မှ ဈေးနေ့သတ်မှတ်ပေးရာ အနီးအနားရှိ ရွာများမှ ဈေးနေ့တွင် နွားလှည်းဖြင့် လာရောက်ရောင်းချကြရာ ္ဒ္ဂတ်ှလြှေူ (လှည်းဈေး) ဟုခေါ်ဆိုရာမှ အချိန်ကာလကြာသော် ္ဒလြေး (ကလော) ဟူ၍ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။
ရှမ်းဘာသာစကား ကတ်=စျေး ဖြစ်ပြီး၊ လော့=လှည်း ဖြစ်ပါသည်။ ရှမ်းစကား ကတ်လော့ ဟူသည် လှည်းစျေး ဟု အဓိပ္ပါယ် ရကြောင်း SYO အသင်း မှ ဦးစိုင်းခေးလျှို က ဆိုသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တည်ရှိသော ယင်းမာပင် ကျေးရွာ သည်လည်း ရှမ်းတိုင်းရင်းသား တို့၏ ဘာသာစကား ဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ကြောင်း SYO မှ ဦးစိုင်းခေးလျှိုက ဆိုသည်။
ယင်းမာပင်=ယန်းမပင့် ဆိုသော ရှမ်းစကားမှ ဆင်းသက်လာကြောင်း သိရသည်။ ယန်းဆိုသည်မှာ ကရင်ကယား ဖြစ်သည်။ မ ဆိုသည်မှာ မြင်း ဖြစ်သည်။ ပင့် ဆိုသည်မှာ လှဲခြင်း ဖြစ်သည်။ ထို့ကြောင်း ယန်းမပင့် ဆိုသည်မှာ ကရင်မြင်းစီးပြီးလာလှဲ သဖြင့် ယန်းမပင့် ဟူသော စကားရပ်မှ ယင်းမာပင်ဖြစ်ပေါ်လာကြောင်း ၎င်းက ဆိုသည်။ (မြင်းလဲကျ သွားခြင်း ဖြစ်သည်ဟု ရှေးလူကြီး များက ဆိုကြောင်း သိရသည်။)
ထို့ပြင် နန်းပန်တက် သည်လည်း ရှမ်းဘာသာ စကားပင် ဖြစ်ကြောင်း သိရသည်။
''ခရီးသွားမြို့တော် ကလော''
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရီးသွား ဧည့်သည် ဒုတိယ အများဆုံး လာရောက်လည်ပတ်ကြသော မြို့ကလေး တစ်မြို့ ဖြစ်ပြီး၊ အင်းလေး ကန် ကဲ့သို့ပင် ကလောမြို့လေးသည် မြန်မာတွင်သာမက ကမ္ဘာ အထိ ထင်ရှားကျော်ကြားသည်။
မြေပြန့်ဒေသမှ ခရီးသွားဧည့်သည် များသည် ကလောမြို့ကလေး ကို ဆောင်းဦးပေါက် ကာလ ၊ ဆောင်းတွင်းကာလ နှင့် ဆောင်းနှောင်းပိုင်း ကာလ တို့တွင် တောင်ပေါ်ဒေသ၏ ချမ်းအေးမှု အရသာ ခံစားနိုင်ရန် လာရောက် လည်ပတ်ကြသူ အထူးများပြားသည်။ ပြည်တွင်းခရီးသွား အများစု ဖြစ်သည်။
ကိုဗစ်ကာလ နောက်ပိုင်းတွင် ခရီးသွားဧည့်သည်များ ယခင်လို သိပ်မများတော့ကြောင်း ကလောမြို့နယ် ၊ အိုးစည်တောင် ပေါ်မှ ဆရာတော် မှ မိန့်ကြားသည်။ ကလောမြို့နယ် အိုးစည်တောင် တက်ရန် အတွက် ကလော ဆိုင်းဘုတ် ဘေး လမ်းကြားအတိုင်း တောင်တက်လမ်းအတိုင်း နာရီဝက်ခန့် တက်သွားလျှင် အိုးစည်တောင် ပေါ် ရောက်ရှိနိုင်ပေမည်။ အိုးစည်တောင် ဆိုသည်မှာ တောင်ပုံစံ အိုးစည် ကဲ့သို့ ဖြစ်နေပုံ ကို အစွဲပြု ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း ဆရာတော်မှ ရှင်းပြသည်။ အဆိုပါ အိုးစည်တောင် သမိုင်းကြောင်းကို မေးမြန်းကြည့်ရာ ပထမ ဆရာတော် ဘုရား ပျံလွန်တော် မူပြီး နောက်ပိုင်း စာအုပ်လည်း ပျောက်ခြင်းမလှ ပျောက်သွားရခြင်း ဖြစ်ကြောင်း ၊ မှတ်တမ်းမှတ်ရာ မကျန်ခဲ့ကြောင်း ရှင်းပြသည်။ အိုးစည်တောင်ပေါ် ရှုခင်းမှ ကြည့်လျှင် လှပသော မြို့ရှုခင်း ကို မြင်တွေ့နိုင်သည်။ အိုးစည်တောင်ကို မော်တော်ယာဉ်ဖြင့် တက်ရောက်နိုင်သည်။ အိုးစည်တောင်ပေါ် ယာဉ်ရပ်နား၍ မြင်တွေ့ရသော စေတီတောင်ကို လှေကား တောင်တက်လမ်းအတိုင်း ဆက်တက်သွားလျှင် တောင်ပေါ်ဘုရား မှ နေ၍ ကလောမြို့ ရှုခင်းကို မြင်တွေ့နိုင်သည်။
အဆိုပါ အိုးစည်တောင် ရှုခင်းကို ဓါတ်ပုံဆရာများက မနက်ပိုင်း (၅) နာရီခန့် တောင်တက်၍ မြူကျသော တိမ်ပင်လယ် ကို ဓါတ်ပုံ လာရောက် ရိုက်ကူးကြသည်။ မြူနှင်း မပြယ့်တပြယ် အချိန် ထင်းရှူးတော မြင်ကွင်း ဓါတ်ပုံလေးများမှာ အံ့ဩမင်သက်ဖွယ် ကောင်းအောင် ညှို့ယူဖမ်းစားနိုင်လွန်းသော သဘာဝ ပန်းချီကား တစ်ချပ် ပင် ဖြစ်တော့သည်။
ကလောမြို့ ရောက်ရှိလျှင် လည်ပတ်ချင်သော နေရာများကို ခရီးသွားများကိုယ်တိုင် ရွေးချယ်နိုင်ရန် အတွက် နေရာအနှံ့တွင် လမ်းညွှန်ဆိုင်းဘုတ်လေးများ ရေးဆွဲလမ်းညွှန်ပေးထားသည်။ (တောင်ကြီးမှာလည်း ထိုသို့ လမ်းညွှန်ဆိုင်းဘုတ် ပြုလုပ်ထားသင့်သည်ဟု ယူဆပါသည်) ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း လည်ပတ် နိုင်ရန် အတွက် ကလောမြို့ တွင် လမ်းညွှန်ပေးသော ဧည့်လမ်းညွှန်များကိုလည်း ငှားရမ်းနိုင်ပြီး ၊ မိမိ သွားလာလိုသော လမ်းကြောင်း ခရီးစဉ် ကို စိတ်ကြိုက် ရွေးချယ်နိုင်ပေသည်။
''ကလောမြို့ လည်ပတ်စရာ နေရာများ''
ကလောမြို့ ရောက်ရှိလျှင် မြို့တွင်း လည်ပတ်စရာများမှာ မောမြေဦး ပန်းခြံ (ထင်းရှူတော) ၊ ကလောမြို့မစျေး ၊ ကလောဘူတာရုံ ၊ မဟာမုနိနှီးဘုရားကြီး ၊ ကလောသိမ်တောင် ၊ ကလော နာရီစင် နှင့် အိုးစည်တောင် တို့ ရှိကြပါသည်။
ထို့ပြင် ကလောမြို့နယ်အတွင်း လည်ပတ်စရာနေရာများမှာ Kalaw View Point , Kalaw Hill Top Villa Hotel,Kalaw City View , Kalaw Italy Church, ရေယောင်းမ View Point ၊ တောင်နှစ်လုံးကြား မီးရထားလမ်း၊ မြင်းမထိ သဘာဝလှိုဏ်ဂူ ၊ နန်းအွန်တောင် (ဗျိုက်တောင်) ၊ ကလော ရွှေဥမင် သဘာဝ လှိုဏ်ဂူ ၊ ရေယောင်းမ ၊ ဆင်စခန်း ၊ တောင်မင်းကြီး ခုံပြာ ဟူ၍ လည်ပတ်စရာနေရာများ ရှိပါသည်။
ကလောမြို့တွင်း မနက်စောစော လည်ပတ်ရန် သင့်တော်ကြောင်း စာရေးသူ အကြံပြုလိုပါသည်။ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်ပတ်လျှင် စိတ်ကြိုက် လည်ပတ်နိုင်ပြီး ပိုမို အဆင်ပြေပါသည်။ ကလောမြို့အဝင် ရှိ စောင်းတန်းများဖြင့် လှပနေသော တောင်ပေါ် စေတီကိုလည်း လည်ပတ်နိုင်သည်။
ကလောမြို့တွင်း ရှိ မြို့မကျောင်းတိုက် ရှေ့တွင် ဆောင်းတွင်းကာလ ချယ်ရီပင်တန်း လမ်းကလေး သည် လည်း ကြည်နူးစရာ အင်မတန် ကောင်းအောင် လှပ ပေသည်။ လမ်းကလေး တစ်လျှောက် ချယ်ရီပင်တန်းများ တပြိုင်နက် လှပစွာ ဝေဆာ ဖူးပွင့်နေကြသည်မှာ မြင်ရသူ စိတ်အေးစရာ မြင်ကွင်း ဖြစ်ပါသည်။
ကလော ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိသော နေအိမ်လေးများရှေ့တွင် စိုက်ပျိုးထားသော လိမ္မော်ရောင် သော်ကပန်းရုံ လေးများကလည်း ဧည့်သည်တိုင်း လာရောက် ရိုက်ကူးကြသဖြင့် ထိုပုံလေးများကို ကြည့်ရုံဖြင့် ကလောမြို့ ဟု မပြောပဲ သိနိုင်သော အမှတ်အသား တစ်ခု ဖြစ်လာသည်။
ကလောရောက်လျှင် အများဆုံး သွားကြသော နာရီစင် ၊ မောမြေဦး ပန်းခြံ နှင့် ကလော ဘူတာရုံ တို့ မှာ နီးနီးကပ်ကပ် တည်ရှိသဖြင့် အရင်ဆုံး သွားရောက်ခြင်းဖြင့် အချိန်ကုန်သက်သာစေနိုင်သည်။ စာရေးသူ က နေ့လည် ၁၂ နာရီ မကျော်ခင် လည်ပတ်ပြီး ၊ နေ့လည်စာ ကို စားသောက်ဆိုင်တွင် ခေါက်ဆွဲကြော် တစ်ပွဲ သုံးဆောင် လိုက်သည်။ စားသောက်ဆိုင်ကြီးတွင် သုံးဆောင်ခြင်းအားဖြင့် စျေးနှုန်းသက်သာခြင်း ၊ အစားအသောက် သန့်ရှင်းခြင်း နှင့် ၊ ကျန်းမာရေး ကိစ္စများကိုလည်း ဖြေရှင်းနိုင်ပါသည်။
ကလောမြို့အဝင် တွင် ရှမ်းအိုးစည် ပုံ ၊ ရှမ်းတိုင်းရင်းသား စုံတွဲ နှစ်ယောက် အမျိုးသား အိုးစည်တီးခတ်ဟန် ၊ အမျိုးသမီး က နေဟန် ရုပ်တု ကိုလည်း မြင်တွေ့ရသည်။ အဆိုပါ ရုပ်တု ကို ထုလုပ်နိုင်ရန် အတွက် အိုးစည် တီးခတ်ဟန် နှင့် ရှမ်းအမျိုးသမီး ကဟန် တို့ကို နမူနာ သရုပ်ပြ ပေးခဲ့ရကြောင်း SYO အသင်း မှ ဦးစိုင်းခေးလျှို က ဆိုသည်။
''ကလောမြို့မှ လွတ်လပ်ရေး မော်ကွန်းကျောက်စာတိုင်''
ကလောမြို့ ၊ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ကလောမြို့ လွတ်လပ်ရေး မော်ကွန်းကျောက်စာတိုင် တစ်တိုင် ကိုလည်း ထူးခြားစွာ မြင်တွေ့ရသည်။ အဆိုပါ ကျောက်တိုင် ကို သွားရောက် ဓါတ်ပုံ ရိုက်ကူးရာတွင် ကျောက်တိုင် ဝင်း အတွင်း ငှားရမ်းနေထိုင်သော ပန်းစိုက်ပျိုးသူ ဦးလေးကြီး က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော အထိမ်းအမှတ် အနေဖြင့် ကလောမြို့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် စိုက်ထူထားခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ (ကလောမြို့ ပန်းခြံတွင်လည်း လွတ်လပ်ရေး ကျောက်တိုင် တည်ရှိပါသည်)
ကျောက်တိုင်တွင် ရေးသားထားသည်မှာ ပြီသက္ကရာဇ် ၁၃၀၉ ခု နှစ် ၊ ပြာသို လဆုတ် (၉) ရက် ၊ တနင်္ဂနွေနေ့ အား ဤ ငါတို့ မြန်မာပြည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ် ကောင်းစွာ ရောက်သတည်း။ ဟု ကျောက်ပြားတွင် စာသား ရေးသားထားသည်။
အဆိုပါ နေ့ရက် သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ဖြစ်ပြီး ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသော နေ့ရက် တွင် အထိမ်းအမှတ် အဖြစ် လွတ်လပ်ရေး မော်ကွန်းကျောက်စာတိုင် စိုက်ထူရေးထားခြင်း ဖြစ်ကြောင်း သိရသည်။
''ချမ်းအေးလွန်းတဲ့ ကလောမြို့''
ရှမ်းပြည်နယ်တွင် အင်္ဂလိပ်တည်ခဲ့သော မြို့များအနက် တောင်ကြီး ကဲ့သို့ ပင် ကလောမြို့ သည် လည်း အပါအဝင် မြို့ကလေး တစ်မြို့ပင် ဖြစ်သည်။ ဗြိတိသျှအစိုးရသည် တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ် တွင် မိုင်းသောက်မှ တောင်ကြီးသို့ စတင် ပြောင်းရွှေ့ခဲ့ကြောင်း ကမ္ဘာ့စွယ်စုံကျမ်း တွင် ဖော်ပြထားသလို၊ ကလောမြို့ကို ၁၉၁၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်တွင် စတင်ဖွင့်ဖို့ လျာထားကြောင်း သာမိုင်းခမ်း မြို့စားမင်း မင်းကြီးမောင်ဖိုး ကြားသိခဲ့ရသည် ဟု ဆရာဦးမြင့်သန်း ရေးသော အောင်ပန်း စာအုပ်တွင် ဖော်ပြထားသည်။
ကလောမြို့သည် အောက်မြန်မာပြည် (ယင်းမာပင်) မှ တက်လာလျှင် ပထမဆုံး ရောက်ရှိသော တောင်ပေါ် မြို့ကလေး တစ်မြို့လည်း ဖြစ်ပါသည်။ ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း (၄၂၉၇) ပေ ၊ (၁၃၁၀ မီတာ) မြင့်သည်။
ကလောမြို့၏ အမှတ်တရ ဆိုင်းဘုတ်တွင် ရေးထားသည်မှာ ကြိုဆိုပါသည် ထင်းရှူးမြေ ဟု ရေးထားသည် ကို မြင်တွေ့ရသည်။ တောင်တန်းများ ဝန်းရံထားသော ကလောမြို့ တွင် ထင်းရှူးပင် များ နှင့် ချယ်ရီပန်းပင် တို့ အများအပြား ရှင်သန်ပေါက်ရောက်သည်ကို မြင်တွေ့နိုင်သည်။
''မြေလပ်ငွေခွန်မှူးနယ်''
ဆရာဦးမြင့်သန်း ရေးသော အောင်ပန်းစာအုပ်တွင် သာမိုင်းခမ်း စော်ဘွား ( ငွေခွန်မှူး ) မင်းမောင်ဖိုး လက်ထက်တွင် အောင်ပန်းမြို့ကို ကွက်ချပေး၍ ထူထောင်ခဲ့ကြောင်း ဖော်ပြထားသည်။ သီပေါမင်း ပါတော်မူပြီး နောက် ရှမ်းမြေလတ် ငွေခွန်မူးနယ် ကိုစီမံအုပ်ချုပ်ရန် အနောက်ပိုင်း ဆိုင်ရာ ဝန်ထောက်ရုံး ( Westem sub- division ) ကို သာမိုင်းခမ်း တောင်ဘက် ကုန်းပေါ်တွင် အင်္ဂလိပ်တို့ရုံးစိုက်ထားခြင်း ဖြစ်ပါသည်။ ထိုနေရာမှ တဆင့် ရှမ်းမြေလတ်နယ် ယခု ရွာငံ၊ ပင်းတယ၊ ဘော်ဆိုင်း တို့ကို အုပ်ချုပ်ရခြင်း ဖြစ်သည်။
မြောက်ဘက်မှတောင်ဘက်စီးဆင်းနေသော သာမိုင်းခမ်းချောင်း၏ အရှေ့ဖက်တောင်ကုန်းပြင်ညီပေါ်တွင် ရုံးကုန်း တည်ရှိသည်။ ထင်းရှူးပင်များ ထူထူထပ်ထပ် ပေါက်နေသော ကျောက်နွားတောင် တောင်ရိပ်တွင် ဖြစ် ပါသည်။ ရုံးကုန်း ကို ဖြတ်သွားသော လမ်းမကြီး တစ်ဖက်တစ်ချက် တွင် ချယ်ရီပင်များစီတန်း၍ စိုက်ထားသေးသည်။ သာမိုင်းခမ်း ငွေခွန်မှူးရုံး ကလည်း အင်္ဂလိပ်ဝန်ထောက်ရုံး နှင့် မလှမ်းမကမ်းမြောက်ဘက် တွင် စိုက်ထူထားသည်။ (ဤကား ရုံးကုန်းအကြောင်း ဖြစ်၏)
ထို့ကြောင့် အောင်ပန်းမြို့ အနီး ရှိ သာမိုင်းခမ်း ကျေးရွာ သည် ဗြိတိသျှ တို့ အုပ်စိုးစဉ် အချိန်ကာလ က အုပ်ချုပ်ရေး ဗဟိုအချက်အချာ ဒေသ ဖြစ်ခဲ့ကြောင်း အထောက်အထားများ အရ သိရသည်။ ထိုနေရာမှ တဆင့် အနောက်ပိုင်း ဆိုင်ရာ ဝန်ထောက်ရုံး စိုက်ရန် နေရာသစ် အတွက် ကလောမြို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကလောတွင် မြို့ပြ တည်ထောင်ပြီးစ အင်္ဂလိပ်များ အင်္ဂလိပ်တို့ တိုက်ရိုက် အုပ်ချုပ်သော သီးသန့်နယ်မြေ ( Notrfied Area ) အဖြစ် ကြေညာ ရန် အဆင့်ဆင့် ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ထိုသို့ သီးသန့်နယ်မြေ ( Notrfied Area ) သတ်မှတ်ခဲ့သော မြို့များ ဖြစ်သော လားရှိုး | လွိုင်လင် | တောင်ကြီး နှင့် လွိုင်မွေ တို့လို သီးသန့်မြို့ တည်ထောင်ရန် လိုအပ်သော ဥပဒေ ၊ နည်းဥပဒေပိုင်း ပြင်ဆင်ပြီး ၁၉၀၀ နှစ်များတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၄ ခုတွင် စတက်မင်း ခံတပ်(မိုင်းသောက်) မှ တောင်ကြီးမြို့သို့ ပြောင်းရွေ့သွားခဲ့သဖြင့် တောင်ကြီးမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်း အရေးပိုင်ရုံးစိုက်ရာ မြို့တော် ဖြစ်လာခဲ့သည်။
ကလောမြို့သည် မြေလပ်ကို အုပ်ချုပ်မည့် ဝန်ထောက်ရုံးအပြင် တောင်စခန်း အဖြစ် ရည်ရွယ်ထားခြင်း ဖြစ်သည်။ (တောင်ကြီးမြို့ ကဲ့သို့ပင် ဖြစ်သည်၊ တောင်ကြီးမြို့ တည်စဉ် ကလည်း တောင်စခန်း အဖြစ် သတ်မှတ်၍ ညောင်ရွှေနယ်ထဲမှ ခွဲထုတ်၍ သီးသန့်နယ်မြေအဖြစ် တည်ခဲ့ခြင်း ဖြစ်သည်။) ရှမ်းမြေလပ် ဒေသကို အင်္ဂလိပ် တို့က စတော့တလန် အဖြစ် တင်စားခဲ့သည်။ ရာသီဥတု၊ သဘာဝရှုခင်း နှင့် စိတ်ကူးယဉ်နေရာ ကလေး ဖြစ်သည်။ ရှေးယခင်ကတည်းက ကလောနေရာ သည် လှည်းကုန်သည် နွားဝန်တင်သမားများ သဘောကျအနား ယူသော အပန်းဖြေ စခန်း တစ်ခု ဖြစ်ကာ ရေမြေသဘာဝ အဆင်ပြေပါသည်။
သာမိုင်းခမ်း ငွေခွန်မှူး နယ်ထဲတွင် သီပေါမင်း ပါတော်မူသော နှစ်ဝန်းကျင်တွင် မကွေ နှင့် လွယ်အန် နယ်များ ပါဝင်လာပါသည်။ သာမိုင်းခမ်း နယ်၏ အနောက်ဘက် တွင် အစဉ်လိုက် တည်ရှိနေသော သီးခြားနယ် ၂ နယ် ပင်၊ မကွေ နှင့် ကပ်နေသော နယ်မှာ လွယ်အန် ဖြစ်ပါသည်။ ကလော သည် လွယ်အန်ထဲတွင် ပါဝင်သည်။
ယနေ့ ကလောမြို့၏ အနောက်ဘက် ကုန်းပေါ်တွင် လွယ်အန် ရှိပါသည်။ ကလော ဘန့်ဖာ အမည်ရပြီး ကလော ဆိုသည်မှာရှမ်း လို ခေါ်ဆိုခြင်း ဖြစ်သည်။
ကလော ၊ တလော၊ တာလော ၊ ကယ်လော့ စသဖြင့် လှည်းစခန်း ဟု အဓိပ္ပါယ် ရသည်။ ရှေးယခင် နွားဝန်တင် ၊ လှည်းယာဉ် များ ရပ်နားရာ နွားစခန်းကုန်း (စခန်းသာ) နေရာ အဖြစ် ထင်ရှားသည်။
ကုန်းဘောင်ခေတ်နှောင်းတွင် ညောင်ရွှေ စော်ဘွား နယ်ကြီးက တီကျစ်၊ လွယ်မောနယ် များကို သိမ်းပိုက် လိုက်သည်။ ညောင်ရွှေ လက်ထက် တွင် တီကျစ် က သာမိုင်းခမ်း နယ်တွင်း က မြင်းမထိ ၊ အောင်ပန်း စသော ရွာ၈ ရွာ ကို သိမ်းသည်။ တဖန် လွယ်အန် နယ် ကိုလည်း ကျူးကျော် သိမ်းပိုက်ပြန်သည်။ ထို့ကြောင့် လွယ်အန် ထဲတွင် ပါသော ကလော ဘန့်ဖာ သည် တီကျစ် ညောင်ရွှေ ဩဇာအောက်တွင် ရှိနေပါသည်။၁၈၉၇ ထိ ကလောသည် ညောင်ရွှေ နယ် ဖြစ်သည်။ နောက်ပိုင်းတွင် နန့်ချင် နှင့် အလဲအလှယ် လုပ်ပြီး ကလောကို ယူလိုက်ခြင်းကြောင့် ကလောသည် သာမိုင်းခမ်း နယ်ထဲ ပါဝင်လာခြင်း ဖြစ်သည်။
၁၉၁၁ ဝန်းကျင်မှ စတင်ပြီး သာစည်မှ ရှမ်းပြည်နယ်တောင်ပိုင်း ရထားလမ်း စဖောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကလောတည်ရန် ၁၉၁၁ နိုဝင်ဘာတွင် အုပ်ချုပ်ရေးဆိုင်ရာ သဘောတူညီချက် (administratively approved) ပေးပါသည်။သာစည်မှ ဖောက်လုပ်လာသော မီးရထားလမ်း သည် ကလောအနီး ကို ၁၉၁၃ ခု တွင် နီးကပ်လာချိန်အထိ ကလောမြို့ကို တရားဝင် ကြေညာပြီး မဖွင့်လှစ်နိုင်သေးပါ။ ထိုစဉ်က မြန်မာပြည်အစိုးရထံမှ တောင်ပိုင်း ရှမ်းပြည်နယ်အရေးပိုင်နှင့် နိုင်ငံရေးအရာရှိတို့ ရေးသားသော အပြန်အလှန် ပေးစာ အသေးစိတ် ကို မဖော်ပြတော့ပါ။ လိုရင်းသာ ဖော်ပြပါမည်။
ညွှန်ကြားချက်အရ ကျွန်ုပ်အနေဖြင့် တင်ပြလိုသည်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ အနောက်ပိုင်း ဆိုင်ရာဝန်ထောက် ရုံးကို လက်ထောက် အရေးပိုင် အခြေစိုက်သောသာမိုင်းခမ်းမှ ကလောသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ လိုအပ်သော ဆောက်လုပ်နေဆဲ အဆောက်အအုံများ ပြီးစီး၍ အဆင်သင့် ဖြစ်နေကြောင်း ၊ ကလောမြို့ဆီ ပြောင်းရွေ့ဖို့လည်း လိုအပ်နေကြောင်း ဖော်ပြထားသည်။ အကြောင်းမှာ ကလောမြို့ အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း မီးရထားလမ်းပေါ်တွင် တည်ရှိနေမှာ ဖြစ်သည့်အတွက် မီးရထားလမ်း ဖွင့်လျှင် ဖွင့်ချင်း ကလောမြို့သည် တောင်စခန်းမြို့ တစ်ခု အဖြစ် အသုံးပြုလာမယ့် သဘော ရှိ၍ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကလောမြို့ကို စီမံအုပ်ချုပ်ရန်အတွက် လက်ရှိအနေအထားအရ သာမိုင်းခမ်းမြို့စား က အရပ်ဖက်အုပ်ချုပ်ရေး ဌာန တစ်ခု အဖြစ် ထူထောင်ရန် သဘောတူခဲ့ပါသည်။ ထို့ကြောင့် တရားစီရင်ရေး၊ ဥပဒေပြုရေး နှင့် ပတ်သက်၍ ကျင့်သုံးရန် အစိုးရ အရာရှိများထံ အပ်နှံပြီး ဖြစ်၍ အရပ်ဖက်အုပ်ချုပ်ရေးဌာန ကလောမြို့သည် အခန်း(၁၀) မြန်မာ့မျူနီစပယ်အက် (၁၈၉၈) အရ သီးသန့်နယ်မြေ (Notrfied Area) တစ်ခု အဖြစ် ၁၉၁၄ ၊ ဇန်နဝါရီလ (၁) ရက် နေ့က အစပြုပြီး စတင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
(အဆိုပါ နေ့ရက်မှ စတင် ရေတွက်လျှင် ကလောမြို့တည် နှစ် သက်တမ်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်တွင် နှစ်ပေါင်း (၁၁၀) ကျော် ရှိခဲ့ပြီ ဖြစ်သည်။)
×××
ကလောမြို့ကို ယခုလို ဆောင်းရာသီ အချိန်အခါ သွားရောက်လည်ပတ်ရန် အသင့်တော်ဆုံး ဟု စာရေးသူ ယူဆပါသည်။ ကလော အိုးစည်တောင်ပေါ်မှ ကြည့်လျှင် မြူပိတ်ဖုံးနေသော ထင်းရှူးပင် တောအုပ် နှင့် ကလောမြို့ ရှုခင်း တို့ကိုလည်း နံနက် မိုးမလင်းခင် သွားရောက် ဓါတ်ပုံရိုက်ကူးလျှင် အင်မတန် လှပသော မြင်ကွင်း ကို ရရှိနိုင်ပေသည်။ ထို့ပြင် တောင်ပေါ်ဒေသ၏ ချမ်းအေးသော ရာသီဥတု ကို အပြည့်အဝ ခံစားနိုင်ပြီး သွားလာ လည်ပတ် ရသည်မှာလည်း သက်တောင့်သက်သာ ဖြစ်စေနိုင်သဖြင့် အဆင်ပြေသည်ဟု ထင်မြင်မိပါသည်။
ကလောမြို့လေး ဆက်လက် အေးချမ်းသာယာပါစေကြောင်း မြို့တည်နှစ် အမှတ်တရ အနေဖြင့် ချယ်ရီပွင့် ချိန် ခရီးသွားမှတ်တမ်းလေးကို ရေးသား ဂုဏ်ပြုပေးလိုက်ရပါသည်။