ယခုရာသီကုန်တွင် မိမိ ထွက်ခွာခြင်းကြောင့် ထိပ်တန်းကစားသမားများအား ဆုံးရှုံးရမည်ကို လီဗာပူးလ်ပရိသတ်များ စိတ်ပူစရာမလိုကြောင်း ကလော့ပ် ပြောကြား

ယခုရာသီကုန်တွင် မိမိ ထွက်ခွာခြင်းကြောင့် ထိပ်တန်းကစားသမားများအား ဆုံးရှုံးရမည်ကို လီဗာပူးလ်ပရိသတ်များ စိတ်ပူစရာမလိုကြောင်း ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 February 2024

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲမည်ဟု ကြေညာထားသည့် အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းမှ မိမိ ထွက်ခွာခြင်းကြောင့် ထိပ်တန်းကစားသမားများအား ဆုံးရှုံးရမည်ကို စိတ်ပူစရာမလိုကြောင်း အသင်းပရိသတ်များကို အသိပေးပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၁၈) လသာကျန်ရှိတော့သည့် အသင်းခေါင်းဆောင် ဗန်ဒိုက်က ကလော့ပ် မရှိတော့ပါက အသင်းနှင့် စာချုပ်ချုပ်ဆိုရန် မသေချာကြောင်း ဖွင့်ဟခဲ့ရာ ဘောလုံးဝေဖန်သူများက လီဗာပူးလ်အသင်းအနေဖြင့် ကလော့ပ်မရှိတော့ပါက ထိပ်တန်းကစားသမားများကိုပါ ဆုံးရှုံးရနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

လီဗာပူးလ်အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ရာ ကလော့ပ် မရှိတော့ပါက အဆိုပါကစားသမားများအပါအဝင် ထိပ်တန်းကစားသမားများ ထွက်ခွာသွားမည်ကို လီဗာပူးလ်ပရိသတ်များက စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် ကလော့ပ်က လီဗာပူးလ်အသင်း၏အခြေအနေမှာ တည်ငြိမ်နေပြီး စိတ်ပူစရာမလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က ''အပြင်လောကက အမြဲတမ်းဆူညံနေတာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ မသိခဲ့ကြသလို၊ ကျွန်တော့်ရဲ့စာချုပ်နဲ့ပတ်သက်ပြီးလည်း ဘယ်သူမှ မပြောကြဘူး။ ကောင်လေး(လီဗာပူးလ်ကစားသမားများ)တွေကို ဒီတိုင်း ထားလိုက်ပါ။ အခုဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး အကောင်းမြင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ဘယ်သူမှ စိတ်ပူစရာမလိုပါဘူး။ အခုလိုမျိုးတွေ ဖြစ်လာမယ်ဆိုတာကို ကျွန်တော် ကြိုသိပါတယ်။ ဗန်ဒိုက်ကတော့ ကျွန်တော် ဘာပြောချင်တယ်လို့ ပြောမှာမဟုတ်ဘူးလေ။ အသင်းက တည်ငြိမ်နေပါတယ်။ အရာအားလုံး အဆင်ပြေပါတယ်။ ဒါက (၁၀၀) ရာခိုင်နှုန်း သေချာပါတယ်။ ဒါကြောင့် အသင်းပရိသတ်တွေကို စိတ်အေးအေးထားပါလို့ ကျွန်တော် မှာချင်ပါတယ်။ အားလုံးအဆင်ပြေပါတယ်။ ကောင်လေးတွေက ဒီနေရာကို ချစ်ပါတယ်။ ဒါက အဓိကအချက်ပါပဲ''ဟု ပြောကြားခဲ့သည်။