ချောင်းဆုံမြို့နယ် ကလွီကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခန့်တွင် အဝီစိရေတွင်း တူးနေသည့် အမျိုးသား သုံးဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါချောင်းဆုံမြို့နယ် ကလွီကျေးရွာနေ ဦးကျော်သက်ဆိုသူ၏နေအိမ်ခြံဝင်းအတွင်း အသက် (၅၀) နှစ်အရွယ် ဦးမောင်စိုး၊ အသက် (၂၅) နှစ်အရွယ် မောင်အောင်ခိုင်စိုးနဲ့ အသက် (၂၁) နှစ်အရွယ် မောင်လှသိန်းဦးတို့ သုံးဦးမှာ အဝီစိတွင်းတူးနေစဉ် အဝီစိတွင်းထဲမှ သံပိုက်အား သုံးဦးစုပေါင်း၍ ပြန်လည်ထုတ်ယူနေစဉ် သံပိုက်ထိပ်ဖျားနှင့် ကျေးရွာအတွင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးတို့ ထိမိခဲ့ရာမှ ဓာတ်လိုက်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဉ်ကြောင့် ဦးမောင်စိုးတွင် ဘယ်/ညာ နှစ်ဖက်ဒူးခေါင်းတွင် မီးလောင်ဒဏ်ရာ၊ လက်ဖျားများ ကွေးကောက်ဒဏ်ရာ၊ မောင်အောင်ခိုင်စိုးတွင် ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာနှင့် ခြေလက်များတွင် မီးလောင်ဒဏ်ရာများ၊ မောင်းလှသိန်းဦးတွင် ညဘက်လက်ဖျံ၊ ဝမ်းဗိုင်၊ ဘယ်/ညခြေဖမိုးတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဝီစိတူတဲ့ သုံးဦးလုံးက ချောင်းဆုံအနောက်ရပ်ကွက်ကလို့ သိရတယ်။ သေဆုံးသူတွေက ဦးမောင်စိုးနဲ့ မောင်အောင်ခိုင်စိုးနဲ့က သားအဖတွေလို့ သိရပါတယ်” ဟု ပြောကြားသည်။
ဓာတ်လိုက်ကာ သေဆုံးခဲ့သူများအား ချောင်းဆုံမြို့နယ်အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမောင်စိုး အပါအဝင် သုံးဦး ဓာတ်လိုက်သေဆုံးခဲ့မှုအပေါ် အဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ချေင်းဆုံမြို့မရဲစခန်းတွင် သေမှု သေခင်းဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။