ဇန်နဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ကျပ်ဘီလျံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု ၁၁ ကြိမ်ထိရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အဆိုပါဖမ်းဆီးရမိမှုများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျပ် ၁ ဒသမ ၅၇ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၁ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းအနီးတွင် သိန်းဇော် မောင်းနှင်ပြီး မန့်ရှင်းတွောင် လိုက်ပါလာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ကို သတင်းအရရှာဖွေရာ၌ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ကျပ် ၁ ဒသမ ၅၇ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၇၅ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်ဟု ပါရှိသည်။
အလားတူ ဇန်နဝါရီ ၁၀ ရက်က CCDAC MYANMAR မှ ထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ကျပ် ၁ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း ဖမ်းဆီးရမိဖြစ်စဉ်အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်း မောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင်နှင့် မဖူးဖူးဝေတို့လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာတွင် ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၁၁ ရက်ကလည်း CCDAC MYANMAR မှ ထုတ်ပြန်ခဲ့သည့် တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိမှုအနေဖြင့် တပ်မတော်(ရေ)သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ လေးဦးနှင့်အတူ ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က CCDAC MYANMAR မှ ထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိမှုဖြစ်စဉ်တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေ မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့သည်။
ထိုနည်းတူ ဇန်နဝါရီ ၁၅ ရက်က CCDAC MYANMAR မှ ထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၄ ဒသမ ၉၄၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော် ဖမ်းဆီးရမိမှုဖြစ်စဉ်အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင် တို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ အေ လမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းအား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၄ ဒသမ ၉၄၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိတွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်း၊ ၆၂ လမ်းထောင့်တွင် ဇင်မင်းထွန်း မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၄၄၀၀ ခွက်ဖြင့်ထည့်လျက် ကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလိုသိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကျပ် ၁ ဒသမ ၄၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိဖြစ်စဉ်ရှိခဲ့ကာ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင်(ခ)ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး(ခ)လင်းချေ၊ မောင်ရွှေသိန်းနှင့် နေဇော်လတ်တို့ ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိနေအိမ်မှ မစောခင်ကျော်(ခ)စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိသူ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းအားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၃)၊ ခေမာသီလမ်းသွယ်(၂)ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးအားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၁ ဒသမ ၄၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျပ် ၃၀ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို ဖမ်းဆီးရမိမှုတွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာသည့် ကျပ် ၃၀ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၂၄ ရက်က CCDAC MYANMAR မှ ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် မော်တော်ယာဉ် နှစ်စီးဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွားကားလမ်း၊ ထင်းကွင်းကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် အင်တောမှ ရပ်စောက်ဘက်သို့ သတင်းရရှိထားသော ဇော်ဝင်းသိန်း မောင်းနှင်ပြီး ထူးဝင့်မောင် လိုက်ပါလာသည့် HILUX မော်တော်ယာဉ်နှင့် အောင်ပြည့်စုံဦး(ခ)ပြည့်စုံ မောင်းနှင်ပြီး မထူးထူးအောင် တို့လိုက်ပါလာသည့် CANTER ခြောက်ဘီး မော်တော်ယာဉ်တို့ ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ CANTER ခြောက်ဘီး မော်တော်ယာဉ်ပေါ်တွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျပ် ၂ ဒသမ ၉၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုဖြစ်စဉ်တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအနီးတွင် ရဲဇော်ဦး(ခ)ကုလား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဆာလာအိတ် နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ဆူးပုတ်ကန်ကျေးရွာအနီးရှိ ပြောင်းခင်းအတွင်း သိုဝှက်ထားသည့် ဆာလာအိတ် သုံးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၈၅ သိန်းအားလည်းကောင်း၊ ယင်းမာပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ တောအတွင်းရှိ မီးသွေးဖိုအဟောင်းမှ ဆာလာအိတ် ငါးအိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးချက်အရ သာစည်မြို့နယ်၊ ရှမ်းရွာကျေးရွာတွင် သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုးနိုင်အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စုစုပေါင်းကျပ် ၂ ဒသမ ၉၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။