အစာအိမ်ရောဂါပိုး၊ အစာအိမ်နာ 

အစာအိမ်ရောဂါပိုး၊ အစာအိမ်နာ 
Published 21 January 2024
ဒေါက်တာလွင်သန့်

အစာအိမ်ရောဂါပိုး (H.pylori) ကြောင့် အစာအိမ်ရောင်ရမ်းနာဖြစ်စေပါတယ်။ အစာအိမ်ရောဂါပိုး ဘယ်လိုကူးစက်သလဲဆိုတာ ခုထိ တိတိကျကျဘယ်သူမှမသိသေးပါဘူး။ ကူးစက်နိုင်တဲ့နည်းတွေက တံထွေးကတစ်ဆင့်၊ မစင်ကတစ်ဆင့်၊ မသန့်ရှင်းတဲ့အစားအသောက်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အကြမ်းအားဖြင့် လူရဲ့တံတွေး၊ မစင်တို့နဲ့ထိတဲ့ အစားအသောက်တွေကနေ ကူးစက်ဖို့များပါတယ်။ တိတိကျကျ ရာနူန်းပြည့်သက်သေပြနိုင်တာက မရှိသေးပါဘူး။ သွေးကတစ်ဆင့် လေထဲကတစ်ဆင့် မကူးနိုင်ပါဘူး။ မိသားစုထဲက တစ်ယောက်ရောဂါပိုးရှိရင် နောက်တစ်ယောက်မှာလည်း တွေ့နိုင်ပါတယ်။ အရှေ့တိုင်းနိုင်ငံ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုးရီးယား စတဲ့နိုင်ငံတွေမှာ တွေ့ရတာ များပါတယ်။ တစ်အိမ်တည်းမှာပဲ မျက်နှာသုတ်ပဝါတစ်ခုတည်းကို သုံးကြတယ်။ ခေါင်အုံးစွပ်တစ်ခုတည်း၊ စောင်တစ်ထည်ထည်းပဲ သုံးကြတယ်။ ဆရာဝန်တွေသူနာပြုတွေလို တံတွေးကိုအကိုင်အတွယ်များတဲ့သူမှာ အစာအိမ်ပိုးအိပ်ပိုင်လိုရီ (H.pylori) အတွေ့ရများပါတယ်။ သွားဆရာဝန်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်တွေမှာ အတွေ့ရများပါတယ်။ သူတို့က တစ်ချိန်လုံး မှန်ပြောင်းကြည့်နေတာ၊ သွားခံတွင်းကြည့်နေတာကိုဆိုတော့ လူနာတွေရဲ့တံတွေးကို ကိုင်တွယ်ရင်း ကူးစက်တာ ဖြစ်ပါတယ်။

 အစာအိမ်ရောဂါပိုးဝင်ရင် အသည်းရောင်ဘီ၊ အသည်းရောင်စီပိုးလိုပဲ ဘာလက္ခဏာမှမပြဘဲ လူနာလည်း သတိမထားမိပါဘူး။ သည်လိုပဲနေလိုက်တယ်။ ကြာလာတော့ ရောဂါလက္ခဏာတွေပေါ်လာတယ်။ အချို့မှာ အစာအိမ်ရောင်တဲ့လက္ခဏာတွေပြတယ်။ ဗိုက်နာတယ်။ ဝမ်းသွားတယ်။ အစာမစားချင်ဘူး။ သုံးပတ်၊လေးပတ်လောက်ကြာတော့ ပျောက်သွားတယ်။ မပျောက်တဲ့သူတွေကတော့ နာတာရှည်အုပ်စုထဲပါသွားတယ်။ နာတာရှည်အုပ်စုထဲက တစ်ခါတစ်ခါတော့ ဗိုက်နာတယ်။ အချို့အစာမကြေတာလောက်ပဲရှိတယ်။ သည်လိုဖြစ်တာတွေကိုရလိုက်ရင်ဘာမှမဖြစ်တော့ဘူး။ မကုဘူးဆိုရင် နာတာရှည်အစာအိမ်ရောင်တဲ့အထိကိုကူးသွားနိုင်တယ်။

အစာအိမ်ကို အပေါ်ပိုင်း(upper)၊ ကိုယ်ထည်၊ (Body)နဲ အောက်ပိုင်း(Lower) ဆိုပြီး သုံးပိုင်းပိုင်းထားတယ်။ အောက်ဘက်မှာ ရောင်တယ်ဆိုရင်ကြာလာတဲ့အခါ အူသိမ်ဦးပိုင်းမှာ အနာဖြစ်လာမယ်။ အစာအိမ်အပေါ်ပိုင်းမှာ ရောင်တယ်ဆိုရ ကြာလာတဲ့အခါ အစာအိမ်အနာဖြစ်တယ်။ သိပ်ပြီး ပြဿနာတွေ မရှိဘူး။ဆေးသောက်ပြီးကုသလိုက်ရင် ပျောက်သွားတယ်။ ဒါကိုသတိမထားမိလို့ မကုသဘဲနေလို့ ၁၀ နှစ်ကြာတဲ့အခါ အစာအိမ်တဖြည်းဖြည်းပါးသွားမယ်။နောက် ၁၅ နှစ်လောက်ဆိုရင် အစာအိမ်မှာရှိတဲ့ ကြွက်သားအမြှေးပါးတွေက ပုံပျက်လာနိုင်တယ်။ ကြာတဲ့အခါ ကင်ဆာရောဂါဖြစ်နိုင်ခြေရှိတယ်။ ရောဂါလက္ခဏာက အစာအိမ်ရောဂါ၊ အစာမကြေတာနဲ့ ဆင်တူလို့ မှန်းရခက်ပါတယ်။

ရောဂါရှိမှန်း၊ အစာအိမ်ရောင်မှန်း၊ အစာအိမ်နာမှန်းသိတာနဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အိပ်ပိုင်လိုရီ (H.pylori) ပိုးက ဘယ်လောက်ကြာပြီး ဘယ်လောက်အဆင့်ရောက်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ အစာအိမ်ရောဂါဖြစ်နေတယ်။ စမ်းကြည့်လိုက်လို့ အစာအိမ်ရောဂါပိုးတွေရပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဒီပိုးကမကုသဘဲ နေလိုက်ရင် ပျောက်သွားမှာမဟုတ်ဘူး။ နောက်ဆက်တွဲတွေ တဖြည်းဖြည်းဖြစ်လာမယ်။ ဒါကြောင့် အစာအိမ်တစ်ခုခုဖြစ်တယ်။ သွားစမ်းလို့ရောဂါပိုးတွေ့တယ်ဆိုတာနဲ့ အစာအိမ်ရောဂါအထူးကုဒါမှမဟုတ် အထွေထွေသမားတော်နဲ့ပြလို့ရပါတယ်။ 

ပြဿနာက သူ့ဆီမှာ အစာအိမ်ရောဂါပိုးရှိ၊ မရှိ သည်အတိုင်း မသိနိုင်ပါဘူး။ အလွယ်တကူကတော့ ဆေးခန်းအတော်များများက သွေးစစ်တယ်။ သွေးစစ်တဲ့အခါ စိတ်မချရပါဘူး။ သွေးထဲမှာ အစာအိမ်ပိုးတွေ့တယ်ဆိုရင် အခုရှိတာလား၊ လွန်ခဲ့တဲ့နှစ်နှစ်ကရှိခဲ့သလားဆိုတာကို မပြောနိုင်ဘူး။ ဒါကြောင့်မှန်ပြောင်းနဲ့ကြည့်ပြီး အစာအိမ်ရောဂါပိုး ရှာဖွေတယ်။ လူအတော်များများကလည်း ပိုးရှိ မရှိ သိချင်ရုံသက်သက်နဲ့ မှန်ပြောင်းမကြည့်ချင်ဘူး။ မှန်ပြောင်းကြည့်တာရဲ့အာသာချက်က အစာအိမ်မှာ ကင်ဆာဖြစ်နေသလား၊ အနာဖြစ်နေလား၊ သွေးကြောပေါက်နေလား၊ အစာအိမ်က ပုံပျက်နေလားဆိုတာ အကုန်လုံး အသေးစိတ်သိနိုင်ပါတယ်။ ပိုးကတော့ အစာအိမ်စမ်းသပ်စစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 

အစာအိမ်မှန်ပြောင်းနဲ့လုပ်နိုင်တဲ့အရာတွေကနှစ်ရာကျော်၊ သုံးရာကျော်ရှိတဲ့အထဲကနေမှ ပိုးရှာတာကလည်း တစ်ခုပါဝင်ပါတယ်။ မှန်ပြောင်းမကြည့်ချင်လည်း မစင်စစ်ဆေးခြင်း (Stool Test) နဲ့ ရှာနိုင်ပါတယ်။ အဲဒီလိုလည်း မလုပ်ချင်ဘူး။ တိတိကျကျသိချင်တယ်ဆိုရင် လေမှုတ်ပြီးတော့ ရှာလို့ရပါတယ်။ အစာအိမ်ပိုးကို လေမှုတ်ပြီးရှာတဲ့နည်းကတော့ လူနာက ဆေးတောင့်တစ်တောင့်ကို သောက်ရမယ်။ ခဏကြာတဲ့အခါ လူနာက အိတ်ထဲကို လေမှုတ်ရမယ်။ အဲဒီလေကိုစက်နဲ့တိုင်းပြီး စစ်လိုက်ရင် အစာအိမ်ပိုးကို ရှာလို့ရပါတယ်။

အစာအိမ်ပိုးရှိရင် ကုသသင့်ပါတယ်။ မကုသဘဲနေရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရိုးရိုးအနာနဲ့ပြီးချင်ပြီးသွားနိုင်ပါတယ်။

 အစာအိမ်ရောဂါပိုးကို အဖြစ်ဖြတ်အောင်ကုလို့ရပါတယ်။ သည်ရောဂါပိုးက ခုနကဆိုခဲ့သလို ကင်ဆာဖြစ်စေနိုင်တဲ့နံပါတ် (၁) အုပ်စုထဲမှာ ပါတယ်။ အသည်းရောင်စီပိုးဆိုရင် အရင်ကတစ်နှစ်လောက်ကုရပါတယ်။ အခုက နည်းအသစ်တွေပေါ်လာတော့ သုံးလနဲ့ကုသလို့ရပါပြီ။ အသည်းရောင်ဘီပိုးဆိုရင်နည်းအသစ်နဲ့ဆေးထိုးရင်တင်နှစ်ပျောက်မယ်၊ မပျောက်မယ်တော့ ကျိန်းသေမပြောနိုင်ပါဘူး။ သောက်ဆေးဆိုရင် (၅-၁၀) နှစ်အထိ သောက်ရနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုးက လူတစ်ရာမှာ ၁၀ ယောက်လောက်ပဲဖြစ်ပါတော့တယ်။ အဖြစ်နည်းလာပါတယ်။ အစာအိမ်ပိုး (H.pyloril) က သူတို့ရဲ့အုပ်စုတူတူပဲ။ အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုးက လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်ပါတယ်။ အစာအိမ်ရောဂါပိုးကတော့ ကူးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဖြစ်ပွားတဲ့နှုန်းကလည်း များပါတယ်။ လူတစ်ရာမှာ ငါးဆယ်က အစာအိမ်ရောဂါပိုး (H.pylori) ရှိကြပါတယ်။ ကုသတဲ့ကြာချိန်ကလည်း အရင်ကတော့ တစ်ပတ်နဲ့ပြီးအောင်နေတယ်။ ယခုတော့ အစာအိမ်ပိုးကဆေးယဉ်ပါးလာတဲ့အတွက်နှစ်ပတ်ကုပါတယ်။ နှစ်ပတ်ဆေးသောက်မယ်ဆိုရင် အစာအိမ်ရောဂါပိုးက အဖြစ်ဖြတ်နိုင်ပါတယ်။

 အစာအိမ်ရောဂါပိုးကုသတဲ့ဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဆိုးကျိုးမရှိတဲ့ဆေး၊ ဆိုးကျိုးမရှိတဲ့စမ်းသပ်မှု၊ ဆိုးကျိုးမရှိတဲ့ကုသမှုဆိုတာဘယ်လိုမှမရှိနိုင်ပါဘူး။ ကောင်းတာဆိုးတာက ဒွန်တွဲနေပါတယ်။ ကောင်းတာ ၉၉ ရာခိုင်နှုန်းကောင်းပြီး မကောင်းတာက သုည ဒသမ ၁ ရာခိုင်နှုန်းဆိုရင်တော့လူနာက လက်ခံပြီး ကုသသင့်ပါတယ်။ အစာအိမ်ရောဂါပိုးအတွက်ပိုးသတ်ဆေး (Amoxillin 500 mg) နဲ့ အစာအိမ်အက်စစ်ထိန်းဆေး (Rantidine R. Loc 150 mg) သို့မဟုတ် (Omeprazole 20 mg) ပေးသင့်ပါတယ်။ ပိုးသတ်ဆေးမတည့်ဘူးဆိုရင်လူနာနဲ့တည့်မယ့်ဆေးအုပ်စု အီလက်သလိုမိုင်ဆင် (Erethromycin) ရှာပြီးပေးနိုင်တယ်။ ဆေးနဲ့မတည့်ရင်အင်ပြင်ထခြင်း (Allergy) ဖြစ်နိုင်ပါတယ်။ နောက်မက်ထရိုနီသဇော (metronidazole 200 mg)၊ အစာကြေဆေး (Antacid Digene  20 mg) ပါပေးရရင် ဆေးလေးမျိုး နံနက်တစ်ကြိမ်၊ ညစာစားပြီးတစ်ကြိမ်နဲ့ တစ်နေ့နှစ်ကြိမ်တစ်ပတ် သို့မဟုတ် နှစ်ပတ်ပေးနိုင်ပါတယ်။

ပိုးသတ်ဆေးသောက်ရင်အင်ပြင်ထခြင်း (Allergy) အပြင် အစားပျက်တာ၊ ဝမ်းပျက်တာ နည်းနည်းဖြစ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ကုသတဲ့အခါ ပိုးသတ်ဆေးကို ခါတိုင်းထက်နှစ်ဆပေးရတော့ အချို့လူနာတွေက မသောက်ချင်ပါဘူး။ တီဘီဆိုရင် ခြောက်လကုရမယ်။ ဆေးတစ်ခါသောက်ရင် လေးမျိုးသောက်ရမယ်။ အစာအိမ်နာမှာတော့အနည်းဆုံး နှစ်မျိုးမှ လေးမျိုးပေးနိုင်ပါတယ်။ တီဘီဆေးလောက်မပြင်းပါဘူး။ တီဘီက (၆-၈) လကုရပါတယ်။ အစာအိမ်ပိုးကိုနှစ်ပတ်တည်းနဲ့ကုသဖို့ လိုတယ်ဆိုပြီး လူနာကိုရှင်းပြသင့်ပါတယ်။ သေသေချာချာမရှင်းပြရင်အချို့လူနာတွေက (၃-၄) ရက်လောက်သောက်ပြီး သက်သာတာနဲ့ဆေးရပ်လိုက်ကြတယ်။ နောက်တစ်ခါပြန်သောက်ရင် ဆေးမတိုးတော့ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေပြီး ဒုက္ခရောက်နိုင်ပါတယ်။

  အစာအိမ်ရောင်ခြင်းဟာ အစာခြေစနစ်မှ အက်စစ်တွေက အစာအိမ်နံရံကိုဖျက်ဆီးခြင်း၊ စိတ်ဖိစီးမှု၊ တစ်နေ့တာရဲ့ မစားသင့်တဲ့အချိန်မှာ အစာများစားမိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အခြားဆေးဝါးသောက်ခြင်း စတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်ပွားရပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းကတော့ အိပ်ခ်ျပိုင်လိုရီ ( Helicobacter pyLori Bacteria) (သို့မဟုတ်) (H .pyLori) ကြောင့် ဖြစ်ရပါတယ်။

 တအိမ်တည်း အတူနေစားသောက်သူများထံမှ အစာအိမ်ပိုးကူးစက်ခံရနိုင်ခြေများပြီး သေချာစွာ ရောဂါရှာဖွေစစ်ဆေးဖို့လိုပါတယ်။ အစာအိမ်ရောင်ခြင်းဟာမကုသဘဲ ထားလိုက်ရင် အသေးစားပြဿနာအဆင့်ကနေ နာတာရှည်အဆင့်အထိကြီးထွားနိုင်ပြီး အစာအိမ်ကင်ဆာလို အန္တရာယ်များတဲ့ရောဂါအထိဖြစ်နိုင်တာကြောင့် နှစ်ပတ်ဆက်တိုက်ဆေးကုသမှုခံယူဖို့ လူနာတွေကို နားလည်အောင်ရှင်းပြကာ အစာအိမ်ရောဂါပိုးကင်းရှင်းပြီး အစာအိမ်နာကင်းစင်တဲ့အထိသောက်သွားဖို့လိုအပ်မှာဖြစ်ပါတယ်။

 

Most Read

Most Recent