ရိုးမားအသင်း၏ဂန္ထဝင်ကစားသမားဖြစ်သူ ဒီရော့ဆီက အသင်းကို နည်းပြအဖြစ် ပြန်လာခွင့်ရသည့်အတွက် အလွန်ပျော်ရွှင်ကြောင်း ရိုးမားနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပြောကြားခဲ့သည်။
အသက် (၄၀)အရွယ်ရှိ ရိုးမားဂန္ထဝင်ကွင်းလယ်ကစားသမား ဒီရော့ဆီသည် ဇန်နဝါရီ (၁၆)ရက်တွင် ရိုးမားအသင်းနည်းပြ မော်ရင်ဟို၏နေရာ၌ အစားထိုးခန့်အပ်ခံခဲ့ရသည်။
ရိုးမားအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြ မော်ရင်ဟိုကို ရာထူးမှအံ့အားသင့် ဖွယ်ထုတ်ပယ်ခဲ့ပြီး အသင်းဂန္ထဝင်ကစားသမားဟောင်း ဒီရော့ဆီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ရိုးမားအသင်းသည် ဒီရော့ဆီ၏ စာချုပ်သက်တမ်းကို ဖော်ပြခြင်းမရှိသော်လည်း ယခုရာသီကုန်အထိဖြစ်မည်ဟု အီတလီမီဒီယာများက ဖော်ပြနေကြသည်။
ဒီရော့ဆီက ရိုးမားအသင်းကို နည်းပြအဖြစ် ပြန်လာခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်းနှင့် ရည်မှန်းချက်ဖြစ်မြောက်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီရော့ဆီက "ရိုးမားအသင်းနည်းပြအဖြစ် ကျွန်တော့်ကို ယုံကြည်စွာနဲ့ ခန့်အပ်ခဲ့တဲ့ ဖရိုင်းကင်မိသားစု(ရိုးမားအသင်းပိုင်ရှင်)ကို ကျေးဇူးတင်ပါတယ်။ ရိုးမားက ကျွန်တော့်အတွက် ဘယ်အသင်းမျိုးလဲဆိုတာ လူတိုင်းသိပါတယ်။ အခု ရိုးမားနည်းပြအဖြစ် ပြန်လာခွင့်ရလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ဒီရော့ဆီသည် ရိုးမားအကယ်ဒမီထွက်ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံးနီးပါး ရိုးမားအသင်းတွင်သာ ကစားခဲ့ပြီး ကစားသမားဘဝအနားယူခါနီး ၂၀၁၉ ခုနှစ်တွင်မှ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
ယင်းနောက် ဒီရော့ဆီသည် ဘိုကာဂျူနီယာအသင်းတွင် ၂၀၁၉-၂၀ တစ်ရာသီသာ ကစားပြီး ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။ ကစားသမားဘဝမှ အနားယူပြီးနောက် ဒီရော့ဆီသည် အီတလီ လက်ရွေးစင်အသင်းတွင် နည်းစနစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယင်းနောက် ၎င်းသည် ၂၀၂၂ အောက်တိုဘာလတွင် SPAL အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။ ဒီရော့ဆီသည် SPAL အသင်းကို (၁၇) ပွဲ ကိုင်တွယ်ရာတွင် (၃)ပွဲနိုင်၊ (၆) ပွဲသရေ၊ (၈)ပွဲ ရှုံးရလဒ်ထွက်ပေါ် ခဲ့သဖြင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။















