အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးမေဂျာဖလား ရယူပေးခဲ့သည့် အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ဆာဟီနာဗိဂ်မန်းကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
နယ်သာလန်နိုင်ငံသူဖြစ်သည့် ဗိဂ်မန်း သည် အင်္ဂလန်အသင်းကို ယူရို-၂၀၂၂ ပြိုင်ပွဲတွင် ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ် ကျင်းပသည့် Womens' Finalissima ပြိုင်ပွဲတွင်လည်း ဘရာဇီးလ်အသင်းကို အနိုင်ကစားခဲ့သည့်အပြင် ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။
The Best အမျိုးသမီးအသင်းနည်းပြဆုကို ပူပူနွေးနွေးရထားသည့် ဗိဂ်မန်းသည် ယင်းဆုအား ၂၀၁၇၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်များတွင် ရရှိခဲ့ခြင်းဖြစ်သည်။















