တစ်ရက်လျှင် ဆန်စျေးကျပ် ၅၀၀ စျေးချရောင်းနေသည့်အပြင် နယ်မှတင်ပို့သည့်ဆန်များ အစိုဓာတ် များနေသဖြင့် သီတင်းကျွတ်ပိတ်အပြီး ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် စျေးကွက်တွင် ဧည့်မထဆန် တစ်အိတ်ကို ကျပ် ၂၅၀၀ ခန့်အထိ ကျဆင်းခဲ့ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။
“ဒီနေ့တော့ ဆန်အဝင် နည်းနည်းပါးတယ်။ ပြီးခဲ့ရက်က ပိတ်ရက်တွေရှိတော့ ဆန်တွေကစိုတော့ နယ်မှာကလည်း သိပ်မထားရဲဘူး။ စျေးကလည်း ဆက်တိုက်ကျနေတော့ တွန်းပို့တော့ စျေးကလည်း တစ်နေ့ ၅၀၀ ချနေတော့ ဒီနေ့ဆို ၂၅ မှတ်ဆန်က ၁၉၄၀၀ နဲ့ ၁၉၅၀၀ အစိုဓာတ်ပါရင် ၁၉၀၀၀ လောက်ပဲရှိတယ်။ ၁၅ မှတ်ဆန်ကတော့ ၂၁၀၀၀ အမြင့်ဆုံးပေါ့ ပိတ်ရက်မတိုင်ခင်နဲ့ ပိတ်ရက်အပြီးမှာ ၂၀၀၀ ကနေ ၂၅၀၀ လောက် ကျသွားတယ်” ဟု ဦးသန်းဦးက ပြောကြားသည်။
သီတင်းကျွတ်ပိတ်ရက် မတိုင်မီ အောက်တိုဘာလ အလယ်တွင် ၂၅ မှတ် ဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၂၂,၀၀၀ နှင့် ၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၃,၃၀၀ စျေးနှုန်းအသီးသီးရှိကြောင်း သိရသည်။
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဆန်အိတ်အရေအတွက် ငါးသောင်းမှ ခြောက်သောင်းကြား ပုံမှန်ဝင်ရောက် လျက်ရှိကြောင်း သိရသည်။
ပုံမှန်က ဆန်အိတ် ငါးသောင်း၊ ခြောက်သောင်းလောက်ဝင်တယ်။ လက်ရှိမှာတော့ စနေမှာတောင် သုံးသောင်းလောက် ဝင်တယ်” ဟု ဦးသန်းဦးက ပြောကြားသည်။
ပြည်တွင်း စားသုံးသည့် ပေါ်ဆန်းစျေးနှုန်းသည်လည်း ပြီးခဲ့သည့် ငါးနှစ်အတွင်း၌ တစ်အိတ်ကို ကျပ် ၇,၀၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ တစ်နှစ်အတွင်း ပေါ်ဆန်းတစ် အိတ်ကို ကျပ် ၁၈,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးများကို လေ့လာကြည့်ပါက ဇန်နဝါရီလအတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၆၀၀၀ ရှိခဲ့ပြီး မေလတွင်းကျပ် ၅၆၀၀၀ အထိမြင့်တက်ခဲ့ကာ စက်တင်ဘာလတွင် ကျပ် ၆၂၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရရှိသော စာရင်းများအရ သိရသည်။
ဇန်နဝါရီလ အတွင်းက ၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ရှိခဲ့ပြီး မေလအတွင်းက ကျပ် ၁၉၈၀၀ အထိ စျေးရှိခဲ့ပြီး စက်တင်ဘာလ အတွင်းက ကျပ် ၂၂၅၀၀ အထိ မြင့်တက်ခဲ့သည်။
ဇန်နဝါရီလ အတွင်းက ၂၅ မှတ်ဆန် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၁၉၃၀၀ ရှိခဲ့ရာမှ မေလအတွင်းက ကျပ်၂၀၇၀၀ ရှိခဲ့ကာ စက်တင်ဘာလအတွင်း ကျပ်၂၂၀၀၀ အထိ စျေးမြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ပြည်တွင်းဆန်စျေးနှုန်း ပြန်လည်ကျဆင်းအောင် ဆောင်ရွက်နေသည့် အတွက် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည် ယခင်ထက်ရာခိုင်နှုန်း ၄၀ အထိ လျော့ကျနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
“ဆန်စျေးက စျေးနှုန်းချတာ များသွားတော့ နယ်ကုန်သည်တွေက စပါးစျေးက ချက်ချင်းချလို့ မရတော့လေ မကိုက်ဘူးပေါ့။ နည်းနည်းရှုံးသွားတာပေါ့။ အဲတော့ ဆန်တစ်အိတ်ကို အခုအောက်တိုဘာ ၁ ရက် နောက်ပိုင်းမှာ တစ်အိတ်ကို နှစ်ထောင်လောက် ကျသွားတာလေ။ အခုလက်ရှိက အဝင်နည်းနည်းလေး လျော့သွားတယ်” ဟု ဦးသန်းဦးက ပြောကြားသည်။










