မြေဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် သူများမှာ စောင့်ကြည့်လေ့လာသည့် အဆင့်၌ပင်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အလွန်အမင်း နည်းပါးလျက်ရှိ

မြေဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် သူများမှာ စောင့်ကြည့်လေ့လာသည့် အဆင့်၌ပင်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အလွန်အမင်း နည်းပါးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
Published 27 October 2018
နီလာ

မြန်မာနိုင်ငံ၏ မြေဆိုင်ရာစီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်သူများမှာ စောင့်ကြည့်လေ့လာသည့် အဆင့်၌ပင်ရှိကာ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အလွန်အမင်း နည်းပါးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြေစျေးကွက် အချို့သည် စျေးကစားသူအချို့ လက်ဝယ်တွင် ရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်း ဖြေလျှော့ပေးခြင်း ရှိသော်လည်း လယ်ယာကဏ္ဍ အပါအဝင် မြေယာအခြေပြု နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းတို့သည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိစေပြီး စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အလွန်အမင်း နည်းပါးနေသည့် အခြေအနေတွင် ရှိနေကြောင်း ထောက်ပြထားခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါအခြေအနေ များအရ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် မြေရရှိနိုင်မှုသည် လက်ရှိကာလအထိ အဆင်ပြေချောမွေ့မှု မရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုဝင် ရောက်ခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်း ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိခဲ့ပေ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၃၉၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖန်တီး၍ ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစွာ လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်လျက် ရှိသော်လည်း မြေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခက်အခဲများကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်မှု လျော့နည်းနေခြင်းနှင့် ပတ်သက်ပြီး “မြန်မာနိုင်ငံမှာ လာပြီးတော့ လုပ်တယ်ဆိုရင် လက်ရှိဘဏ်တိုးနှုန်းနဲ့ ကိုက်လား၊ မကိုက်လား ဆိုတာရှိတယ်။ နောက်ပြီး Payback Period ဆိုတာရှိတယ်။ စောစောအရင်းကျေမလား ဆိုတာရှိတယ်။ စိုက်ပျိုးရေး ကဏ္ဍတွေမှာ Payback Period က သိပ်ရှည်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက သေချာစဉ်းစားပြီးမှ ရင်းနှီးမြှုပ်နှံတာ ဖြစ်တဲ့အတွက် နည်းနေတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍအတွင်း ဝင်ရောက်လုပ်ကိုင်ရန် အဓိက အခက်အခဲနှစ်ခုမှာ နံပါတ်တစ် အနေဖြင့် မြေယာရရှိမှု အခက်အခဲနှင့် နံပါတ်နှစ် အနေဖြင့် Return of Investment နှင့် ယင်း၏ Payback Period အရင်းကျေနိုင်မည့် အချိန်ကာလ စသည်တို့ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လုပ်ကိုင်ခွင့် အမြန်ဆုံး ချထားပေးသွားမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဦးစားပေး မြှင့်တင်သွားမည့် ကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent