ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့အား နောင်လာနောင်သားအမျိုးသားတို့ အမှတ်တရရှိစေရန် မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို အမျိုးသားနေ့ဟူ၍ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပကြသည်။ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) သည် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်သည်မှစ၍ ၎င်းတို့၏လက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင် ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွားဖွားပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး ရရှိပြီးသည့်တိုင် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကိုပင် အမျိုးသားနေ့အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့သည်။
အဆိုပါ ကျောင်းသားသပိတ်မှနေ၍ အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တက္ကသိုလ်ကို ရာသက်ပန်သပိတ်မှောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေသည်။ ၁၉၂၁ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ အမျိုးသားပညာရေးကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုအတွင်း၌လည်း အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၁ ခုနှစ်တွင် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို လက်ခံလိုက်ကြခြင်းဖြစ်သည်။
ယင်းနောက် အမျိုးသားနေ့နှင့်ပတ်သက်၍ စဉ်းစားရန် လိုအပ်လာသည့်အချက်မှာ အမျိုးသားရေးလက္ခဏာ (National Identity) ဟူသည့် ကိစ္စဖြစ်သည်။ နိုင်ငံတစ်နိုင်ငံနှင့် သက်ဆိုင်ကြောင်း လူတစ်ဦး၏ အမှတ်လက္ခဏာရပ် သို့မဟုတ် သိမြင်ခံစားရမှုကို အမျိုးသားရေးလက္ခဏာဟု ခေါ်ဆိုခြင်းဖြစ်သည်။ ကွဲပြားခြားနားသော အစဉ်အလာများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကားများနှင့် နိုင်ငံရေးတို့အားဖြင့် ကိုယ်စားပြုသည့် တစ်ခုလုံးအဖြစ် ပေါင်းစည်းညီညွတ်ရေးသဘောကို သိမြင်ခံစားရသည့်စိတ်ကို ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရေးလက္ခဏာဟူသည် လူတစ်ဦး၏ ဥပဒေအကြောင်းအရ မည်သည့် နိုင်ငံသားဖြစ်သည်ဟူသည်နှင့် မဆိုင်ဘဲ နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်၍ လူတစ်ဦးက သူ၏ ပုဂ္ဂလဓိဋ္ဌာန်ခံစားမှုကို အခြားလူအုပ်စုတစ်စုနှင့်အတူ မျှဝေခံစားခြင်းဖြစ်သည်။ အမျိုးသားရေး လက္ခဏာကို စိတ်ပညာသဘောအရ “ကျွနု်ပ်တို့” ဟူသည်နှင့် “သူတို့” ဟူသည်တို့အကြား ကွဲပြားခြားနားချက်ကို သိမြင်ခြင်းအဖြစ် ရှုမြင်သည်။
နိုင်ငံတော်အထိမ်းအမှတ် သင်္ကေတများ၊ ဘာသာစကား၊ နိုင်ငံ၏သမိုင်း၊ နိုင်ငံချစ်စိတ်နှင့် ယဉ်ကျေးမှုဓလေ့ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အစရှိသည့် လူတို့၏ နေ့စဉ်ဘဝအတွင်း ဘုံတူညီချက်များအဖြစ် တည်ရှိသည့်အရာများနှင့်ပတ်သက်၍ တိုက်ရိုက်ရလဒ်တစ်ခုအဖြစ် အမျိုးသားရေးလက္ခဏာသည် စုပေါင်းအခြင်းအရာတစ်ရပ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ လူတစ်ဦး၏ အမျိုးသားရေးလက္ခဏာကို သက်ဆိုင်ရာ နိုင်ငံနှင့်ပတ်သက်၍ ဂုဏ်ယူသော စိတ်အားဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံအပေါ် ချစ်မြတ်နိုးသော အပြုသဘောဆောင်သည့် စိတ်ခံစားချက်အားဖြင့်လည်းကောင်း စရိုက်လက္ခဏာသတ်မှတ်နိုင်သည့် မျိုးချစ်စိတ်ဟု ခေါ်ဆိုသောအရာအဖြစ် ရှုမြင်နိုင်သည်။
အမျိုးသားရေးလက္ခဏာသည် မွေးရာပါဗီဇမဟုတ်ဘဲ လူမှုရေးအရ မဖြစ်မနေ တည်ဆောက်ယူရသောအရာဖြစ်သည်။ လူတစ်ဦး၏ အမျိုးသားရေးလက္ခဏာသည် နိုင်ငံတော် သင်္ကေတများ၊ ဘာသာစကားများ၊ အရောင်များ၊ နိုင်ငံ၏သမိုင်း၊ သွေးချင်းဆက်နွှယ်မှုများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဂီတ၊ ကဗျာ၊ ဟင်းလျာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အစရှိသော လူတို့၏နေ့စဉ်ဘဝရှိ ဘုံတူညီချက်များမှနေ၍ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်သည်။ အမျိုးမျိုးသော လူမှုရေးသြဇာသက်ရောက်မှုများအောက်၌ လူတို့သည် အမျိုးသားရေး လက္ခဏာကို ယင်းနှင့်လျော်ညီသော ယုံကြည်ချက်များ၊ စံတန်ဖိုးများ၊ ယူဆချက်များနှင့် မျှော်လင့်ချက်များ အစရှိသည်တို့အား မွေးယူခြင်းအားဖြင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်လက္ခဏာရပ်များထဲသို့ ပူးပေါင်းထည့်သွင်းလိုက်ကြသည်။ မိမိနိုင်ငံနှင့် ပတ်သက်သော လက္ခဏာရပ်များကို ထိန်းသိမ်းထားသူများသည် နိုင်ငံနှင့်ပတ်သက်သော ယုံကြည်ချက်များနှင့် စံတန်ဖိုးများကို မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ အဓိပ္ပာယ်ရှိမှုများအဖြစ် ရှုမြင်လိုက်ကြပြီး ယင်းယုံကြည်ချက်များနှင့် စံတန်ဖိုးများကို ၎င်းတို့၏ နေ့စဉ်ဘဝ ကျင့်သုံးမှုများအတွင်း သွတ်သွင်းလိုက်ကြသည်။
မည်သို့ပင်ဆိုစေ၊ အမျိုးသားနေ့နှင့်ပတ်သက်၍ အမျိုးသားရေးလက္ခဏာဟူသည်ကို အလေးအနက် စဉ်းစားသုံးသပ်ကြည့်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။