၂၀၁၆ ကို လွှမ်းမိုးခဲ့သော သတင်းများ

၂၀၁၆ ကို လွှမ်းမိုးခဲ့သော သတင်းများ
Published 25 December 2016

ဒေါ်နယ်ထရန့်၏ အောင်ပွဲမှသည် Brexit နှင့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် သတ်ဖြတ်မှုများအထိ ၂၀၁၆ ခုနှစ်တွင် လွှမ်းမိုးခဲ့သော သတင်း ၁၀ ပုဒ်ကို ဖော်ပြလိုက်ပါသည်။
 
(၁) ထရန့်အောင်ပွဲ ဂယက်
နိုင်ငံရေး အတွေ့အကြုံ မရှိဘဲ လူအများကြိုက် မူဝါဒ စွဲကိုင်ခဲ့သည့် အသက် ၇၀ ရှိ ရီပက်ဘလီကင် ဘီလျံနာ ထရန့်က နိုဝင်ဘာ ၈ ရက် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု တစ်ပေးခံထားရသော ဒီမိုကရက် ဟီလာရီကလင်တန်အား အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်လည်း ယခုနှစ်အတွင်း လူအများကြိုက် မူဝါဒ ကိုင်စွဲသူ အများအပြား အောင်ပွဲခံနိုင်ခဲ့သည်။ အာရှတွင် ပြင်းပြင်းထန်ထန်နှင့် ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်သော ရိုဒရီဂို ဒူတာတေးသည် ပြီးခဲ့သော မေက သမ္မတ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ဥရောပတွင်မူ အမျိုးသားရေး ဝါဒီနှင့် လက်ယာအစွန်းရောက် ပါတီများက အသာရခဲ့ကြသည်။
 
(၂) Brexit
ဇွန် ၂၃ ရက်တွင် ဗြိတိန်၌ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ ဥရောပ သမဂ္ဂမှ ဗြိတိန်ထွက်ခွာရန် ၅၂ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးခဲ့ကြသည်။ ယင်းရလဒ်ကြောင့် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ဇူလိုင်တွင် ထရီဆာမေက ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂမှ ထွက်ခွာရေး ပထမအဆင့်ဖြစ်သည့် လစ္စဘွန်း သဘောတူညီချက်၏ Article 50 ကို ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် စတင် လုပ်ဆောင်မည်ဟု မေက ကတိပြုခဲ့သည်။
 
(၃) အတားအဆီးများ ကြုံခဲ့ရသော ရွှေ့ပြောင်း အခြေချများ
၂၀၁၅ ခုနှစ်တွင် ရွှေ့ပြောင်း အခြေချ သောင်းနှင့်ချီ အသုံးပြုခဲ့သော လမ်းကြောင်းဖြစ်သည့် ဂရိမှ ဂျာမနီသို့ ဦးတည်သော ဘော်လ်ကန် လမ်းကြောင်းအား ယခုနှစ် ဖေဖော်ဝါရီမှ စတင်၍ ပိတ်ပစ်ခဲ့သည်။ ဥရောပသို့ ရွှေ့ပြောင်း အခြေချများ အလုံးအရင်းနှင့် ဝင်ရောက်မှုအား တူရကီက ဟန့်တားပေးရန်အတွက် ဥရောပ သမဂ္ဂနှင့် တူရကီတို့အကြား မတ်လတွင် သဘောတူချက် ရရှိခဲ့ပြီးနောက် တူရကီနှင့် ဂရိအကြား အေဂျီယန်ပင်လယ်အား ဖြတ်သန်း၍ ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းအခြေချ အရေအတွက်အား လျှော့ချရာတွင် ကြီးကြီးမားမား အောင်မြင်ခဲ့သည်။
သို့သော် မြေထဲပင်လယ်မှ တစ်ဆင့် အီတလီသို့ ရွှေ့ပြောင်း အခြေချများ စုပြုံဝင်ရောက်မှုသည် စံချိန်တင်ခဲ့ပြီး ယခုနှစ်အတွင်း ယင်းခရီးအား ဖြတ်သန်းစဉ် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ ၄၇၀၀ ထက်မနည်း ရှိခဲ့သည်။
 
(၄) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ ငရဲခန်း
အလက်ပို အရှေ့ခြမ်းရှိ သူပုန်များ ထိန်းချုပ်ထားသော ခရိုင်များအား ဆီးရီးယား အစိုးရနှင့် မဟာမိတ် တပ်များက ထိုးစစ်များ ထပ်တလဲလဲ ဆင်နွှဲခဲ့မှုနှင့်အတူ ပြီးခဲ့သောလက စတင်ခဲ့သည့် ပို၍ ကြီးမားသော ထိုးစစ်ကြောင့် ယခုအခါ ဆီးရီးယား အစိုးရသည် ယင်းမြို့ တစ်မြို့လုံးအား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဆီးရီးယားတွင် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများအား ရှုတ်ချခြင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် ကြိုးပမ်းမှုများအား လုံခြုံရေး ကောင်စီတွင် ဟန့်တားခဲ့သည့် ရုရှားအား ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းတို့သာ ပြုလုပ်နိုင်သော အနောက်နိုင်ငံများသည် အပြင်းအထန် တိုက်ခိုက်နေမှုများအား ဟန့်တားရန် မစွမ်းနိုင်ခဲ့ပေ။ ခြောက်နှစ်နီးပါး ကြာမြင့်လာသော ဆီးရီးယား ပဋိပက္ခအတွင်း လူပေါင်း ၃၁၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
 
(၅) အကြမ်းဖက် တိုက်ခိုက်မှု
အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားတို့တွင် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ ဆက်တိုက် ဆုံးရှုံးနေမှုအတူ IS အဖွဲ့ ကိုယ်တိုင် ပြုလုပ်ခဲ့သော သို့မဟုတ် ၎င်းတို့အား အားကျ၍ ပြုလုပ်ခဲ့သည်ဆိုသော အကြမ်းဖက် တိုက်ခိုက်မှုများသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည်။
နိစ်မြို့တွင် လူ ၈၆ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု ကြုံခဲ့ရသော ပြင်သစ်၊ အော်လန်ဒိုတွင် လူ ၄၉ ဦး သေဆုံးခဲ့ရသော အမေရိကန်၊ ဘရပ်ဆဲတွင် လူ ၃၂ သေဆုံးခဲ့ရသော တိုက်ခိုက်မှု ကြုံခဲ့ရသည့် ဘယ်ဂျီယံ အပါအဝင် အနောက်နိုင်ငံ အများအပြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရသည်။
တူရကီတွင် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရသော ပစ်မှတ်ထားတိုက်ခိုက် ခံရမှု အများအပြား ဖြစ်ပွားခဲ့ပြီး IS အဖွဲ့ သို့မဟုတ် ကာ့ဒ်ပြောက်ကျားတိုက်ခိုက်ရေး သမားများ၏ လက်ချက် ဖြစ်သည်ဟု တူရကီက အပြစ်တင်ခဲ့သည်။ အနောက်အာဖရိကတွင်လည်း အထူးသဖြင့် ဘာကီနာဖာဆိုနှင့် အိုင်ဗရီကို့စ်တို့တွင် အယ်ကေးဒါးအဖွဲ့၏ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။
 
(၆) တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မလိုလားသူများအား သန့်စင်မှုများ
ဇူလိုင် ၁၅ ညသန်းခေါင်နှင့် ဇူလိုင် ၁၆ ရက် အစောပိုင်းတွင် တူရကီ စစ်ဘက်သူပုန်အဖွဲ့ခွဲ တစ်ဖွဲ့က သမ္မတ ရီဆပ်တေယစ် အာဒိုဂန်အား ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပေ။ ယင်းနောက်ကွယ်တွင် အမေရိကန်၌ တိမ်းရှောင်နေသော မွတ်စလင် ဘာသာရေးခေါင်းဆောင် ဖေတူလာဂူလင်က ကြိုးကိုင်ခဲ့သည်ဟု တူရကီ အစိုးရက စွပ်စွဲခဲ့ပြီးနောက် ၎င်း၏ အာဏာချုပ်ကိုင်မှုအား တင်းကျပ်ခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှု၏ အကျိုးဆက်အဖြစ် လူပေါင်း ၃၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လူသောင်းနှင့်ချီသည် ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။
 
(၇) လက်တင်အမေရိက အရွေ့
၂၀၁၅ ခုနှစ်တွင် အာဂျင်တီးနား၌ ကြုံခဲ့ရပြီးနောက် ယခုနှစ် သြဂုတ်တွင် ဘရာဇီး၌ အမျိုးသမီး သမ္မတ ဒီမာရူးဆက်သည် ဘတ်ဂျက်စာရင်းအား တရားမဝင် ခြယ်လှယ်ခဲ့သည်ဟု စွဲချက်ဖြင့် စွပ်စွဲပြစ်တင်မှု အဆို တင်သွင်းခံခဲ့ရပြီး ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည်။ ယင်းအတွက်ကြောင့် ဘရာဇီးတွင် လက်ဝဲများ၏ ၁၃ နှစ်ကြာ အုပ်စိုးမှုအား အဆုံးသတ်သွားစေခဲ့သည်။
ဇူလိုင်တွင် ပီရူး၌ ဗဟိုလက်ယာယိမ်းဝါဒီ ပက်ဒရို ပါဘလို ကူဇင်စကီးအား သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ဆိုးရွားသော စီးပွားရေး အကျပ်အတည်းများ ကြုံနေရသည့် ဗင်နီဇွဲလားတွင် ဆိုရှယ်လစ်သမ္မတ နီကိုလတ်မာဒူရိုအား ရာထူးမှ ပြန်လည် ရုပ်သိမ်းရန်အတွက် ဆန္ဒခံယူပွဲ ခေါ်ယူနိုင်ရန် အတိုက်အခံများက ဧရာမ ဆန္ဒပြမှုများ ပြုလုပ်ပြီး ကြိုးပမ်းခဲ့သည်။
 
(၈) ကက်စထရို ကွယ်လွန်မှု
ကျူးဘားတော်လှန်ရေး ဖခင်နှင့် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်၏ နောက်ဆုံး ကျန်ရှိသော ကြီးကျယ်သည့် ပုဂ္ဂိုလ်ဖြစ်သည့် ဖီဒယ်ကက်စထရိုသည် နိုဝင်ဘာ ၂၅ ရက်တွင် အသက် ၉၀ ၌ ကွယ်လွန်ခဲ့သည်။ ကက်စထရိုသည် ဒွိုက်အိုင်ဆင်ဟောင်ဝါမှသည် ဘာရက်အိုဘားမားအထိ အမေရိကန်သမ္မတ ၁၁ ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။
 
(၉) ရော့ခ်ဂီတအတွက် ကြေကွဲမှုများနှင့် အောင်မြင်မှု
၂၀၁၆ ခုနှစ်တွင် ဗြိတိန်၌ ဒေးဗစ်ဘိုဝီ၊ အမေရိကန်တွင် ပရင့်စ်နှင့် ကနေဒါတွင် လီယိုနတ်ကိုဟင် စသည့် ရော့ခ်ဂီတ၏ ကြယ်ပွင့်များ ကြွေလွင့်ခဲ့သည်။ ယင်းအချိန်တွင် ဘော့ဒီလန်သည် စာပေနိုဘယ်ဆု ရရှိခဲ့သော ပထမဆုံး တေးရေးဆရာ ဖြစ်လာခဲ့သည်။
 
(၁၀) ဒူတာတေးနှင့် မူးယစ်ဆေး နှိမ်နင်းရေး စစ်ပွဲ
ဖိလစ်ပိုင် အမျိုးသမီး သမ္မတဟောင်း ဂလိုရီယာ အာရိုယို၏ ရာဇဝတ်မှု တိုက်ဖျက်ရေး အကြံပေးတစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ၂၂ နှစ်ကျော် ထမ်းဆောင်ခဲ့သော ရိုဒရီ ဂိုဒူတာတေးသည် ရာဇဝတ်မှုအား ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ကတိဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီး ၁၆ ဦးမြောက် ဖိလစ်ပိုင်သမ္မတ ဖြစ်လာခဲ့သည်။ ၎င်း၏ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲအတွင်း ၅၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
Ref: AFP

Most Read

Most Recent