နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၃ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း သုံးရက်ဆက် ကျပ် ၁၄၀၀ ကျော်တွင် ဆက်လက်တည်ရှိနေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၃ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း သုံးရက်ဆက် ကျပ် ၁၄၀၀ ကျော်တွင် ဆက်လက်တည်ရှိနေ
Published 17 December 2016

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် တစ်ဒေါ်လာ ၁၄၃၃ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း သုံးရက်ဆက်တိုက် ၁၄၀၀ ကျော်တန်း၌ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်သည်ဟု ဆုံးဖြတ်ပြီးနောက်ပိုင်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာရာ ဒီဇင်ဘာ ၁၅ ရက်တွင် ဒေါ်လာဈေး အညွှန်းကိန်း ၁၀၂ ဒသမ ၄၂ ပွိုင့်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၀၃ ဒသမ ၅၀ ပွိုင့်အထိ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ၁၀၂ ဒသမ ၈၁ ပွိုင့်ဖြင့် ဈေးပိတ်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အားကောင်းမှုကြောင့် ပြည်တွင်းဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၄၀၀ ကျော် နှုန်းကို ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၆  ရက်တွင် ၁၄၃၈ ကျပ်အထိ စံချိန်တင်မြင့် တက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈  ကျပ်အထိ သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၁၄၃၀ အထိ ပြန်ကျခဲ့သော်လည်း ညနေပိုင်းတွင် ၁၄၃၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက် တွင် ၁၄၃၅ ကျပ်ဖြင့်ပင် ဈေးဖွင့်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ၁၄၃၃ ကျပ်အထိ ပြန်လည် ဆင်းလာခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၃၇၈ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၁၃၈၆ ကျပ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၁၃၈၅ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈  ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၄၃၅ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၄၃၃ ကျပ်ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို  ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ် အဖြစ် ၁၅ကျပ် မြှင့်တင်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို  ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အတွင်း ကျပ် ၁၃၂၀ အဖြစ်သတ် မှတ်ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး လေးရက်ဆက်တိုက် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent