အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် ဒေါ်လာဈေးမာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၁၈ ကျပ်အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်ရေးနှင့် ပတ်သက်သော အစည်းအဝေးတွင် အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်း မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီး စုစုပေါင်းအတိုးနှုန်း ၀ ဒသမ ၇၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် ထွက်ရှိလာပြီးနောက် ဒေါ်လာဈေးအညွှန်းကိန်းသည် ၁၀၂ ဒသမ ၄၂ ပွိုင့်အထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အမေရိကန် ရွေးကောက်ပွဲမတိုင်မီက ၉၅ ပွိုင့်ဝန်းကျင်သာရှိသော ဒေါ်လာဈေးညွှန်းကိန်းသည် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန်မှစ၍ ဆက်တိုက်မြင့်တက်ခဲ့ပြီး ယခုအမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် ဆုံးဖြတ်ချက်ကြောင့် ဒေါ်လာဈေး ပိုမိုအားကောင်းလာခြင်းဖြစ်သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အားကောင်းလာခြင်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင်လည်း သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ဒေါ်လာဈေးကျပ် ၁၄၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။ စံချိန်တင်ဈေးနှုန်းများဖြစ်သော ဒီဇင်ဘာ ၁၂ ရက်က ၁၃၈၆ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်က ၁၃၉၂ ကျပ်ဈေးနှုန်းများကို ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြင်ပဈေးကွက်၌ ၁၃၉၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၄၁၈ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၉ ရက်တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၁၃၇၇ ကျပ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၃၇၈ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၁၃၈၆ ကျပ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၁၃၈၅ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၁၃၉၂ ကျပ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၄၁၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၉၅ ကျပ်ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀ အဖြစ် ၁၀ ကျပ် မြှင့်တင်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၇ ရက်တွင် ၁၃၁၅ ကျပ်၊ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အတွင်း ကျပ် ၁၃၂၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀ အဖြစ် သတ်မှတ်ခဲ့ပြီး သုံးရက်ဆက်တိုက် ၁၀ ကျပ် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ရွေးကောက်ပွဲ ရလဒ်မထွက်ပေါ်မီ နိုဝင်ဘာ ၉ ရက်တွင် ပြည်တွင်းဈေးကွက်၌ တစ်ဒေါ်လာ ၁၂၈၇ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုအမေရိကန် အတိုးနှုန်းမတက်မီ ဒီဇင်ဘာ ၁၄ ရက်အထိ ၁၃၉၂ ဒေါ်လာအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက် အတိုးနှုန်းမြှင့်တင်မည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် နိုင်ငံတကာငွေကြေးများနည်းတူ ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၄၁၈ ကျပ်အထိ ရောက်ရှိခဲ့သည်။ နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၁ ကျပ်မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်သည်။ အဆိုပါ အနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၂၆၅ ကျပ်အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၉၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
“နဂိုကတည်းက ကျပ်ငွေက အားပျော့နေတာဆိုတော့ ကမ္ဘာ့ဈေးလည်း ထပ်တက်တော့ ကျပ် ၁၄၀၀ ကျော်သွားတာပါ။ အစိုးရအနေနဲ့ ကျပ်ငွေတန်ဖိုးတက်အောင် စွမ်းဆောင်နိုင်မှ ဒေါ်လာဈေး ကျမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် စားသောက်ကုန်၊ လူသုံးကုန်သွင်းကုန်တွေ၊ ပြည်ပကတင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးနဲ့ဆေးပစ္စည်း၊ ကားစတဲ့သွင်းကုန်တွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေသုံးစွဲတဲ့ စက်၊ စက်အပိုပစ္စည်းတွေ သွင်းရတဲ့စရိတ်တက်မှာကြောင့် သူတို့ရဲ့ကုန်ပစ္စည်းဈေးတွေလည်း တက်မယ်၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်မယ်။ အဲဒီလိုတက်တာကြောင့် ကုန်ဈေးနှုန်းကြီးလာမယ်၊ ငွေကြေးဖောင်းပွမှုများလာမယ်။ ဒေါ်လာဈေး အလွန်အကျွံ မြင့်တက်တာကြောင့် သူဌေးရော၊ ဝန်ထမ်းရော၊ သာမန် လက်လုပ်လက်စားရော အကုန်ထိခိုက်ပါတယ်။ အစိုးရက ထိန်းလို့ရသမျှ နည်းအကုန်လုံးထုတ်သုံးပြီး စီမံခန့်ခွဲမှ တော်ရုံကျမှာပါ” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ထင်မြင်သုံးသပ်သည်။
အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် ဒေါ်လာဈေးမာလာပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၁၈ ကျပ်အထိ စံချိန်တင်ထပ်မံမြင့်တက်










