သုံးရက်ဆက်တိုက် နေ့စဉ်စံချိန်တင် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၃ ရက်တွင် တစ်ဒေါ်လာ ၁၃၈၂ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ပြီး ညနေပိုင်းတွင် ၁၃၈၅ ကျပ်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း သိရသည်။ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ဆက်တိုက် မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၃၇၀ အထိ ကျဆင်းခဲ့သော်လည်း ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ပြန်လည်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် စံချိန်တင် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၁၂ ရက်နှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ၁၃ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး အနည်းငယ် ကျဆင်းလာသည်။ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာဈေး အညွှန်းကိန်း ၁၀၀ ဒသမ ၉၃ ပွိုင့်အထိ ကျဆင်းခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ၁၀၁ ဒသမ ၁၂ ပွိုင့်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ပြည်တွင်း ဈေးကွက်တွင်လည်း ကမ္ဘာ့ဒေါ်လာဈေး အနည်းငယ် ကျဆင်းမှုနှင့်အတူ ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့ပြီး ၁၃၈၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၇ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၈ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၉ ရက်တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၁၃၇၇ ကျပ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၃၇၈ ကျပ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၁၃၈၆ ကျပ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၈၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၈၂ ကျပ် ဖြစ်ခဲ့သည်။ပြင်ပဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀ အဖြစ် ၁၀ ကျပ် မြှင့်တင် သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ တစ်ဒေါ်လာ ၁၃၀၈ ကျပ်၊ ဒီဇင်ဘာ ၅ ရက်တွင် ၁၃၀၅ ကျပ်၊ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၁၃၁၀၊ ဒီဇင်ဘာ ၇ ရက်တွင် ၁၃၁၅ ကျပ်၊ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အတွင်း ကျပ် ၁၃၂၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။










