MLM တွေကို ဥပဒေတစ်ရပ်နဲ့ ထိန်းကျောင်းနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်ရဦးမယ့် မြန်မာနိုင်ငံ

MLM တွေကို ဥပဒေတစ်ရပ်နဲ့ ထိန်းကျောင်းနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင်ရဦးမယ့် မြန်မာနိုင်ငံ
Published 11 December 2016
ဖြိုးဝေ

ကာလရှည် ယိုယွင်းနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပုံပျက်ပန်းပျက် စံချိန်တင် မြင့်တက်နေတဲ့ ဒေါ်လာဈေးနှုန်း အခြေအနေတွေကြားမှာ ထူးထူးခြားခြား စီးပွားရေးဖြစ်စဉ်တွေဟာ ရှားပါးနေခဲ့ပါတယ်။
အခြေခံ လူတန်းစားတွေကို ဆောက်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းမှုနဲ့ ထိုးနှက်၊ ဒေါ်လာဈေးနဲ့ ထိုးနှက်၊ ကုန်ဈေးနှုန်းနဲ့ ထိုးနှက်၊ အခုနောက်ဆုံး လမ်းဘေးဈေးသည်ဂယက်အထိ ထိုးနှက်မှုတွေ များနေတဲ့ ဒီရက်သတ္တပတ်မှာ အခြေခံ လူတန်းစားတွေကိုပဲ လောဘနဲ့ ဆွဲဆောင်လာပြီး ဒီနေ့အချိန်အထိ ထိထိရောက်ရောက် တားမြစ်နိုင်တဲ့ ဥပဒေထုတ်ပြီး တားဆီးဖို့ အစီအစဉ် မရှိသေးတဲ့ MLM (Multi Level Marketing) ဈေးကွက် အကြောင်းကိုပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ဖော်ပြလိုပါတယ်။
ပြည်သူ့လွှတ်တော်မှာ မေးပြီ
မြန်မာနိုင်ငံမှာ လက်ရှိ MLM တွေရဲ့ အကြောင်းကို တိတိပပသိသူ နည်းနေချိန်မှာ MLM စနစ်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေကို ပုံစံအမျိုးမျိုးနဲ့ ခွင့်ပြုပေးထားတာဟာ အလွန်ကြီးမားတဲ့ အန္တရာယ် ဖြစ်နေပါတယ်။ သာမန်ပြည်သူတွေဟာ MLM စနစ်ဆိုတာကို နားမလည်ကြဘဲ MLM တွေက မက်လုံးပေးဆွဲဆောင်တဲ့ တစ်လအတွင်း သိန်း ၁၀၀ လောက်ဝင်မယ်၊ သိန်း ၃၀၀ တဲ့ ပမာဏကို သုံးလလောက်နဲ့ ရမယ်။ တစ်နှစ်အတွင်း သိန်း ၁၀၀၀ အထက်ဝင်မယ်ဆိုတဲ့ ကာလတို ချမ်းသာအဆင်ပြေရေး မက်လုံးတွေကိုပဲ ယုံမှတ်ပြီး MLM ကုမ္ပဏီတွေကို ပုံအပ်ကြပါတယ်။ နောက်ဆုံးမှာတော့ အကြွေးတင်၊ နာမည်ပျက်၊ တရားတပေါင်ရင်ဆိုင်၊ အိမ်ရောင်း ခြံရောင်းနဲ့ မိသားစုဘ၀ တည်ငြိမ်မှု ပျက်စီးတာပဲ အဖတ်တင်ကြပါတယ်။ စစ်တမ်းကောက်ယူမယ်ဆိုရင် MLM ကုမ္ပဏီတွေကြောင့် ထိခိုက်နေတဲ့ မိသားစုဘဝတွေ အများအပြား ရှိနေတယ်ဆိုတာ သိရမှာပါ။ MLM စနစ်ကို ကာကွယ်ဖို့အတွက် ပြည်ထောင်စုအဆင့် လွှတ်တော်တွေနဲ့ တိုင်းဒေသကြီး လွှတ်တော်အဆင့်တွေမှာ ဆွေးနွေးခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေ၊ ဒီဆွေးနွေးမှုတွေဟာ MLM စနစ်ဟာ မြန်မာနိုင်ငံက အခြေခံ လူတန်းစားတွေကို ဆိုးဆိုးရွားရွား နစ်နာစေနိုင်တယ် ဆိုတာကို ပေါ်ပေါ်ထင်ထင် ဆွေးနွေးနိုင်မှုနည်းလို့ ဒီနေ့အထိ ခိုင်မာတဲ့ ဥပဒေမရှိ၊ စနစ်တကျ တားဆီး ကာကွယ်မှုမရှိဘဲ ဖြစ်နေခဲ့ပြီး အဆိုတွေတိုင်းဟာ အသက်ဝင်မှု နည်းပါးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်မှာ MLM စနစ်နဲ့ ပတ်သက်ပြီး လှိုင်မဲဆန္ဒနယ်က ဦးအောင်ကျော်ကျော်ဦးက မက်လုံးပေးဆွဲဆောင်ပြီး မသိနားမလည်သူတွေရဲ့ အချိန်၊ ငွေ၊ လုပ်အားတွေကို MLM ကုမ္ပဏီတွေက ခေါင်းပုံဖြတ်နေကြောင်းနဲ့ ဒီကုမ္ပဏီတွေက နိုင်ငံခြား ကုမ္ပဏီတွေဖြစ်လို့ ပြည်တွင်းနိုင်ငံခြား ငွေလည်ပတ်မှုဟာ ပြည်ပကို စီးဆင်းသွားကြောင်းနဲ့ ဒီလိုစီးဆင်းမှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်စေကြောင်း၊ MLM ကုမ္ပဏီ ၁၀၀ ကျော် ရှိကြောင်းနဲ့ အမြန်ဆုံး တားမြစ်ပိတ်ပင်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ဖြေဆိုမှုနဲ့ MLM တွေ အရေးယူခံရတော့မှာလား
ဒီလို အဆိုရှင်ရဲ့ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည် ဖြေဆိုခဲ့ပါတယ်။
"MLM စနစ်ဖြင့် တင်သွင်း ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများရဲ့ အရည်အသွေး ပြည့်မီရေး၊ အာနိသင်စစ်မှန် ကောင်းမွန်ရေး၊ ဘေးဥပဒ်ကင်းရှင်းရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က စစ်ဆေး ဆောင်ရွက်ခြင်းများကိုလည်း အလေးထား‌ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရားမဝင် တင်သွင်းမှုများကို စိစစ်တွေ့ရှိရခြင်းများ ရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MLM လုပ်ငန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ပေါ်ပေါက်ချက်များ၊ တိုင်ကြားချက်များအရ စိစစ်တွေ့ရှိရပါက ဥပဒေ ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ အရ ကုန်စည်တစ်မျိုးမျိုး၊ တိရစ္ဆာန်တစ်မျိုးမျိုး၊ ဝန်ဆောင်မှု တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ တားမြစ်မိန့် စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန် အရေးယူနိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ MLM စနစ်ဖြင်‌့ ဆောင်ရွက်နေမှုများအပေါ် ယခင်က အရေးပေါ် စီမံမှု အက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သည့်အပြင် ယခုအချိန်တွင်လည်း ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိပါကြောင်း၊ MLM စနစ်ဖြင့် စပ်လျဉ်းပြီး ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုများ ရှိခြင်းတို့ ဖြစ်ပေါ်လာပါက စိစစ်ပေါ်ပေါက်ချက်ပေါ် မူတည်၍ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန် ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေစသည့် တည်ဆဲဥပဒေများ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း" ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒီလိုဖြေဆိုမှုကြောင့် ဦးအောင်ကျော်ကျော်ဦးက စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ပြီး ချမှတ်စစ်ဆေးဖို့နဲ့ ကြပ်မတ်ဖို့ ရှိ၊ မရှိ ထပ်ဆင့်မေးရာမှာတော့ ဗိုလ်ချုပ်အောင်စိုးက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေစတဲ့ တည်ဆဲဥပဒေတွေနဲ့ပဲ အရေးယူသွားမယ်လို့ပဲ ဖြေဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှ လက်ရှိဆိုရင် MLM စနစ်နဲ့ ရပ်တည်နေတဲ့ ကုမ္ပဏီ ၁၀၀ နီးပါးအထိ ရှိနေပါတယ်။ ဒါပေမဲ့ အများစုကတော့ လိမ်လည်ဖို့အတွက် ခဏပဲ ရပ်တည်နေတာ ဖြစ်ပြီး ငွေရပြီဆိုတာနဲ့ လိမ်လည်မှုကို ရပ်တန့်ပြီး ထွက်ပြေးပါတယ်။ မြန်မာနိုင်ငံကို MLM စနစ်နဲ့ စတင်မိတ်ဆက်ခဲ့တာက လက်လှမ်းမီသမျှ MLM စနစ်နဲ့ ရပ်တည်နေတဲ့ ကုမ္ပဏီတွေကို လေ့လာမယ်ဆိုရင် လက်ရှိမှာကိုပဲ ပြည်သူတွေ သိနေတဲ့ ကုမ္ပဏီ၊ စစ်တမ်းကောက်လို့ လွယ်တဲ့ကုမ္ပဏီ ၄၀ လောက် တွေ့ရပါတယ်။ အများစုကတော့ ပြည်ပကုမ္ပဏီတွေဖြစ်ပြီး အဲဒီကုမ္ပဏီတွေကတော့ Unicity (Happy Life Project), Aim Star, Q Net, SuccessMore, TIENS/Tianshi, Zhulian, Double Crane, Shine Hope, Tiens, Lucky Time, Gano, MMM, Alpha, Bel' Air, Nu Skin, S Nature, Giffarine, Healthy shop, Synergy, Hentai, ESY, J & C Onocoro (PTC), G9star, Dr's Secret (BWL), Innovative globel, Coin Space Teen, 7 Kings, Agel, Aromatherapy, JM Ocean, Aimstar, Entry, GE, Legacy, Wisdom plus, Esy plus online, CNI, Trend, Adoxy, SOL, 1001000 တွေလို့ MLM ကုမ္ပဏီများကြောင့် နစ်နာခဲ့သူများနှင့် MLM စနစ်ကို ဆန့်ကျင်သူများ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအချို့က မြန်မာ ပြည်သူတွေဆီက ငွေထုပ်ပိုက်ပြီး ပြည်တော်ပြန်သွားပါပြီ။
ဒီလို MLM ကုမ္ပဏီတွေထဲမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေတာတော့ အံ့သြစရာပါ။ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံဟာ MLM စနစ်ကို ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်နေပြီး လုပ်ခွင့်မရှိလို့ပါ။ သင့်ကို အချိန်တိုအတွင်း တစ်လကို သိန်းရာနဲ့ချီပြီးရမယ်။ ကုမ္ပဏီက တရုတ်မှာလို့ ပြောတာနဲ့ လိမ်နေပြီဆိုတာ သိလိုက်ပါလို့ သတိပေးရမှာပါ။ တရုတ်နိုင်ငံဟာ MLM ကို လုံး၀ ခွင့်ပြုမထားပါဘူး။ စင်ကာပူ၊ အမေရိကန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဟာလည်း ဥပဒေထုတ်ပြီး MLM တွေကို ကြပ်မတ် ထိန်းကွပ်တယ်။ မြန်မာနိုင်ငံထက် အဘက်ဘက်က ပြည့်စုံတဲ့ နိုင်ငံကြီးတွေမှာတောင် MLM တွေကို ဥပဒေနဲ့ ထိန်းကျောင်းပြီး သူ့နိုင်ငံသားတွေကို ကာကွယ်နေတယ်ဆိုရင် မြန်မာနိုင်ငံလို့ ဆင်းရဲမွဲတေမှုနှုန်းမြင့်ပြီး အာဏာရှင် စနစ်အောက်မှာ စုတ်ပြတ်ခဲ့တဲ့ ပညာရေးစနစ်နဲ့ ပြည်သူတွေအတွက် MLM တွေကို ဥပဒေထုတ်ပြီး ထိန်းကျောင်းဖို့ လိုအပ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ဖြစ်မှာပါ။
ခြုံငုံပြီး ပြောရမယ်ဆိုရင် မြန်မာပြည်သူတွေ ဘက်စုံနစ်နာနေတဲ့ MLM စနစ်ကို ထိန်းကျောင်းဖို့ ဥပဒေတစ်ရပ်ဟာ မလွဲမသွေ လိုအပ်နေပါတယ်။ MLM ကုမ္ပဏီအချို့ဟာ သိန်းပေါင်းထောင်ဂဏန်းအထိ အခွန်ဆောင်နေလို့ တိုင်းပြည်အခွန်ဘဏ္ဍာ ရတယ်ဆိုပြီး မသိဟန်ဆောင် လွှတ်ပေးထားမယ်ဆိုရင်၊ ဥပဒေနဲ့ အကာအကွယ် ပေးမထားဘူးဆိုရင်၊ မြန်မာနိုင်ငံက ပြည်သူတွေကို လိမ်လည်ဖို့ ခဏတဖြုတ်ပဲ လာလုပ်တဲ့ MLM ကုမ္ပဏီတွေ လက်ရှိထက်များလာရင် နစ်နာရမှာဟာ တိုင်းပြည်နဲ့ ပြည်သူဆိုတာကို သိရှိနားလည်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီလို ဥပဒေတစ်ရပ်၊ အဖွဲ့အစည်း တစ်ခုနဲ့ ထိန်းကျောင်းဖို့ အရေးတကြီး လိုအပ်နေတဲ့ MLM တွေကို အစိုးရအတွက် အခွန်ရတယ်ဆိုတာနဲ့ ထိန်းကျောင်းဖို့ မပျက်ကွက်စေချင်ပါဘူး။ ဒါကြောင့်မို့ အစိုးရနဲ့ လွှတ်တော် အနေနဲ့လည်း နစ်နာနေတဲ့ မြန်မာပြည်သူတွေရဲ့ မျက်နှာကို ငဲ့ကွက်ပြီးတော့ MLM တွေကို ထိန်းကျောင်းဖို့ ပြင်ဆင်ပါဦးလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။  

Most Read

Most Recent