နိုဝင်ဘာ ၂၉ ရက်၌ ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၁၂၀၀ အောက်တွင် ဆက်ရှိနေပြီး ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၁၇၇ ဒေါ်လာအထိ ထိုးဆင်းသွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်၌ ၁၁၉၇ ဒေါ်လာ အထိပြန်လည်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်တွင် ဒေါ်လာဈေးမာလာပြီး ကမ္ဘာ့ရွှေဈေး အားပျော့လာရာ ၁၁၈၉ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ၁၃၃၇ ဒေါ်လာအထိ မြင့်တက်နေရာမှ ဆက်တိုက်ကျဆင်းခဲ့ရာ နိုဝင်ဘာ ၂၀ ရက်တွင် ၁၂၀၇ ဒေါ်လာ၊ နိုဝင်ဘာ ၂၄ ရက် တွင် ၁၁၈၆ ဒေါ်လာ၊ နိုဝင်ဘာ ၂၅ ရက်တွင် ၁၁၇၇ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထိုးမဆင်းခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်၌ နိုဝင်ဘာ ၉ ရက်တွင် ကျပ် ၈၉၉၂၀၀ အထိ ရောက်ရှိခဲ့သော ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း ဒေါ်လာဈေး မာနေခြင်းကြောင့် နိုဝင်ဘာ ၁၀ ရက်တွင် ကျပ် ၈၈၄၅၀၀၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၄၂၀၀၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ကျပ် ၈၆၁၄၀၀-၈၆၂၀၀၀ ကြား၊ နိုဝင်ဘာ ၁၄ ရက်တွင် ကျပ် ၈၅၅၁၀၀ အထိ ဆက်တိုက်ကျဆင်းခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်မှစပြီး ဒေါ်လာဈေး တက်ရိပ်ပြမှုကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ကျပ် ၈၅၉၃၀၀၊ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၈၆၁၃၀၀၊ နိုဝင်ဘာ ၂၁ ရက်တွင် ကျပ် ၈၆၉၀၀၀၊ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုကြောင့် ကျပ် ၈၇၂၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၅၀၀၀ အထိ မြင့်တက်ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်၌ ဒေါ်လာဈေး ကျဆင်းမှုကြောင့် ကျပ် ၈၆၄၂၀၀ အထိ ပြန်ကျခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ကျပ် ၈၅၈၀၀၀ အထိ ဆက်လက်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက် လာသောကြောင့် ကျပ် ၈၅၉၂၀၀ အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၅၈၇၀၀၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျပ် ၈၅၈၉၀၀၊ နိုဝင်ဘာ ၂၈ ရက်တွင် ကျပ် ၈၆၄၁၀၀၊ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကျပ် ၈၆၃၈၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၈၆၇၀၀၀ အထိ မြင့်တက်ခဲ့ကာ မွန်းလွဲ ၃ နာရီခန့်တွင် ကျပ် ၈၆၅၉၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။










